Home  / News  / News Details

သတင်း အသေးစိတ်

လုပ်သားရှားပါးမှုကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦများကို မဖြိုဖျက်နိုင်သေး

Jul 7, 2025  /

လုပ်သားရှားပါးမှုကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦများကို မဖြိုဖျက်နိုင်သေး
ဇူလိုင် ( ၈)ရက်
Myanmar Property Dealer
မန္တလေးရှိ ငလျင်ဒဏ်သင့်အဆောက်အဦများကို လုပ်သားရှားပါးမှုများကြောင့် အပြီးတိုင်မဖြိုဖျက်နိုင် သေးကြောင်း ဒေသခံများရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ငလျင်ဒဏ်သင့်အဆောက်အဦများကိုဖြိုချရန် တစ်ရက်လျှင် တစ်သိန်းနှုန်းဖြင့် အလုပ်သမားများခေါ်ယူလျက်ရှိပေမယ့် လည်းလုပ်သားများအနေနဲ့ အန္တရာယ်များတဲ့အတွက် လုပ်ကိုင်ကြခြင်းမရှိကြောင်း သိရပါတယ်။
" တချို့တိုက်တွေက အပြင်ကနေကြည့်ရင်တော့ အကောင်းတိုင်းပဲ။ အတွင်းထဲမှာက မိုးရွာရင်ပြိုတော့မှာ။ အဲဒီလိုအဆောက်အဦတွေအများကြီးပဲ။ တိုက်ဖြိုဖို့လူခေါ်တာတောင် လုပ်မယ့်သူမရှိဘူး။ ရှိတဲ့အလုပ်သမားတွေကလည်း ဒီဘက်မှခဏလုပ်လိုက် ပြီး‌ရင်နောက်တနေရာကိုရွှေ့သွားရော။ အကုန်လိုက်ပတ်ပြီးလုပ်နေကြတာ။ ပြီးတော့ အန္တရာယ်လည်းများတယ်။ တိုက်ဖြိုရင်းသေတဲ့သူတွေရှိတော့ သိပ်မလုပ်ချင်ကြဘူး" ဟု ငလျင်ဒဏ်သင့်အဆောက်အဦပိုင်ရှင်တစ်ဦးကပြောပါတယ်။
အိမ်တစ်အိမ်လုံး ပုတ်ပြတ်စနစ်ဖြင့် ဖြိုချပါက သိန်း ၈၀၀ ကုန်ကျမှာဖြစ်ပြီးယင်းတွင်း သံတိုသံစများကိုလည်း အောက်ဈေးဖြင့် ဈေးဖြတ်လာဝယ်ယူသူများလည်းရှိနေတယ်လို့သိရပါတယ်။
" အိမ်ကတော့ ပြန်မဆောက်နိုင်တော့ဘူး။ အိမ်တစ်လုံးဖြစ်ဖို့ဆိုတာမလွယ်ဘူး။ ဖြိုခမတတ်နိုင်လို့မဖြိုရဘူး။ ဈေးနှိမ်ပြီး လာဝယ်ကြတယ်။ သံနဲ့ပတ်သက်တဲ့သူရော အုတ်ကျိုးတွေလာဝယ်တဲ့သူရော ရှိတယ်။ ဈေးကတော့ နှိမ်တယ်" ဟု ၎င်းကဆက်လက်ပြောတာပါ။
မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ဘေးဒဏ်ထိထားတဲ့ အဆောက်အုံတချို့ ထပ်မံပြိုကျမှာကို စိုးရိမ်တာတွေကြောင့် ရှင်းလင်းရေးကို အဓိကထား လုပ်ဆောင်ပေးစေလိုတယ်လို့လည်း မန္တလေးရှိ ဒေသခံများကဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာတဲ့အထိ မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံများကို မရှင်းလင်းနိုင်သေးသလို ပြန်လည်ထူထောင်‌ရေးလုပ်ဆောင်မှုများတွင်လည်း နှောင့်နှေးကြန့်ကြာနေဆဲ ဖြစ်တယ်လို့လည်းသိရပါတယ်။