Home  / News  / News Details

သတင်း အသေးစိတ်

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်

Oct 26, 2023  /

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည် 

လယ်ယာမြေပိုင်ဆိုင် လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်မှာဖြစ်ပြီး လယ်ယာမြေဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဖောက်ဖျက်ကာ အဆောက်အအုံဆောက်လုပ်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မြေယာဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများရဲ့ သဘောတရားများကို သိရှိနားလည်နေအောင် လေ့လာထားသင့်ပါတယ်လို့ နေပြည်တော်မှာကျင်းပခဲ့တဲ့ (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေသိရပါတယ်။

အစည်းဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခင်ကျူးလွန် အသုံးပြုခဲ့မှုနှင့်ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်ထပ်မံ၍ကျူးလွန်မှုများ မဖြစ်ပွားစေရေးအတွက်ကိုလည်း လယ်ယာမြေကို စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေဥပဒေအရလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရလည်းကောင်း၊ အခြားဆက်စပ်ဥပဒေများအရလည်းကောင်း တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်အရေးယူဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင်ထိရောက်စွာဟန့်တားနိုင်မည့် ပြစ်ဒဏ်မျိုးချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာ အဆောက်အအုံများ ဆောက်လုပ်ခြင်းမျိုးက  တည်ဆဲလယ်ယာ မြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြုဆောင်ရွက်နေခြင်းသာဖြစ်တဲ့အတွက် အဆိုပါကိစ္စရပ်များအပေါ် ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက်နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ၊ အလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့လည်းသိရပါတယ်။