Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်မိုးပျံလမ်းနဲ့ မြို့ပတ်လမ်း စီမံကိန်းတွေကို ဆက်လုပ်သွားမယ်လို့ သိရ

Jul 28, 2026  /

ရန်ကုန်မိုးပျံလမ်းနဲ့ မြို့ပတ်လမ်း စီမံကိန်းတွေကို ဆက်လုပ်သွားမယ်လို့ သိရ

ရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာဖို့အတွက် မိုးပျံအမြန်လမ်း စီမံကိန်းအပြင် မြို့တွင်းပတ်လမ်း (Inner Ring Road) နဲ့ မြို့ပြင်ပတ်လမ်း (Outer Ring Road) စီမံကိန်းတွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောလိုက်ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေးအတွက် Master Plan ရေးဆွဲထားပြီးဖြစ်လို့ အဆင့်လိုက် ဆက်လုပ်နေပါတယ်။ အဲဒီ စီမံကိန်းထဲမှာ ဒဂုံမြို့သစ် မြို့နယ်ဟာ အဓိက ဖွံ့ဖြိုးရေးဧရိယာအဖြစ် ပါဝင်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်မယ့် အိမ်ရာစီမံကိန်းတွေကိုလည်း ထည့်သွင်းဆောက်လုပ်သွားမှာပါ။

ဒါ့အပြင် လက်ရှိ ချိတ်ဆက်ထားတဲ့ မြို့တွင်းပတ်လမ်း၊ မြို့ပြင်ပတ်လမ်းနဲ့ မြို့တွင်းလမ်းကွန်ရက်တွေကို အခြေခံပြီး စက်မှုဇုန်တွေ၊ မြို့ပြအခြေခံအဆောက်အအုံတွေနဲ့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ YCDC တို့ ပူးပေါင်းပြီး ဟန်ချက်ညီညီ ဆက်လုပ်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ကဆိုပါတယ်။

 

အဆိုပါ စီမံကိန်းတွေသာ ပြီးစီးသွားရင်တော့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို သက်သာသွားစေမှာဖြစ်သလို စက်မှုဇုန်တွေ၊ လူနေအိမ်ရာတွေနဲ့ မြို့သစ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်ပါ သွားရေးလာရေး ပိုအဆင်ပြေ လွယ်ကူလာမယ်လို့လည်းသိရပါတယ်။