Home  / News  / News Details

သတင်း အသေးစိတ်

ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရပ်နားထားရခြင်းကြောင့် လုပ်သား ၈သိန်းခန့် အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်နေရ

Jun 17, 2022  /

Myanmar Property Dealer
ဇွန်လ ၁၇ရက်
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ စုစုပေါင်း၏ သုံးပုံ/ နှစ်ပုံခန့် ရပ်နားထားရခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သား ၈သိန်းဝန်းကျင် အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်နေရကြောင်း ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး တစ်ဦး၏ ထုတ်ဖော်ပြောကြားချက် အရ သိရသည်။
ကိုဗစ်ကာလ နှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ငွေကြေးစီးဆင်းမှု ခက်ခဲခြင်း၊ ငွေသားဖြစ်လွယ်မှု ခက်ခဲခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်းမြင့်မားခြင်း၊ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများ အလွန်အမင်းမြင့်တက်ခြင်း၊ လက်ရှိတည်ဆောက်လျက်ရှိသော ကွန်ဒိုနှင့် ဆောက်လုပ်ရေး လုပ်ငန်းအများစု ရပ်တန့်ထားရခြင်းတို့ကြောင့် ယင်းသို့ ဆောက်လုပ်ရေးလုပ်သား အများအပြား အလုပ်လက်မဲ့ ဖြစ်လျက်ရှိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်အနေနဲ့လည်း အငှားအိမ်ရာစီမံကိန်း နဲ့ တန်ဖိုးနည်းအိမ်ယာ စီမံကိန်းလိုဟာမျိုးတွေ စီစဥ်ဆောင်ရွက်နေတာလည်း ကျွန်တော်တို့အသိပါ။ ကျွန်တော့် အမြင်အရတော့ ဒီလောက်နဲ့မရပါဘူး.... ဒီထက်ပိုပြီး အစိုးရအနေနဲ့ နိုင်ငံခြားကတင်သွင်းလာတဲ့ အခြေခံအိမ်ဆောက် ပစ္စည်း အခွန်ခနှုန်းထားတွေ သိသိသာသာလျော့ချပေးဖို့ ဖြေလျော့ပေးဖို့ လိုပါတယ်... ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာလည်း လုပ်ငန်းရှင်နဲ့အစိုးရ လက်ရှိ ၄၀/၆၀ရာခိုင်နှုန်း၊ ၅၀/၅၀ ရာခိုင်နှုန်း အချိုးကျ အကျိုးအမြတ်သဘောတူညီမှုအစား ဟိုအရင်အချိန်ကလို ၂၀/၈၀ရာခိုင်နှုန်းလောက် ဖြေလျော့ပေးတာ မျိုးလုပ်ပေးရင်တော့ အခုလိုရပ်နေတဲ့လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်လာနိုင်မယ်... အလုပ်လက်မဲ့ အခက်အခဲတွေလည်း တဖက်တလမ်းက ဖြေရှင်းပြီးသားဖြစ်မယ်”ဟု ဝါရင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ကြီး တစ်ဦးလည်းဖြစ် အင်ဂျင်နီယာတစ်ဦးလည်းဖြစ်သူ အဆိုပါလုပ်ငန်းရှင်က MPDကို ပြောသည်။
အလုပ်အကိုင်နှင့် စားဝတ်နေရေးအကြပ်အတည်း ရင်ဆိုင်နေရခြင်းနှင့်ပက်သက်၍ သန်လျင်မြို့တွင် နေထိုင်သူ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက “အရင်ကဆို ပုံမှန်အလုပ်လေးရှိတော့ ဘာမှပူစရာ မလိုပါဘူး... ဝင်ငွေလည်းရှိတယ်... ကလေးတွေကိုလည်း ကျောင်းထားပေးနိုင်တယ်... အခု အလုပ်က လည်းရှား... အလုပ်မရှိတာကြာလာတော့ စားဝတ်နေရေးကလည်း တနေ့ထက်တနေ့ ခက်တာဗျာ... ကုန်ဈေးနှုန်းတွေကလည်းတက်... အိမ်ငှားခကလည်း ပေးရသေးတော့ မိန်းမဈေးရောင်းတာလေးနဲ့ မငတ်အောင် မနည်းကျားကန်နေရတယ်” ဟု ပြောသည်။
၂၀၁၈ခုနှစ် တရားဝင်ကောက်ယူထားသော စစ်တမ်းများအရ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း ကဏ္ဌတစ်ခုလုံး၏ လုပ်သားအင်အားဦးရေမှာ ၁.၂သန်းရှိပြီး ကဏ္ဌတစ်ရပ်လုံး၏ ငွေကြေးစီးဆင်းမှုမှာ ဘီလီယံ၅၀၀၀ခန့်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။