Home  / News  / News Details

သတင်း အသေးစိတ်

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများနှင့်အတူ လေဆိပ်အဆင့်မြှင့်တင်ရေး ကြိုတင်ဆောင်ရွက်

Oct 16, 2026  /

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများနှင့်အတူ လေဆိပ်အဆင့်မြှင့်တင်ရေး ကြိုတင်ဆောင်ရွက်

အောက်တိုဘာ  (၁၆)ရက်။

Myanmar Property Dealer

 

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ အကောင်အထည်ဖော်လာတာနဲ့အမျှ ခရီးသည်ဝင်ထွက်မှုနဲ့ လေယာဉ်ခရီးစဉ်တွေ ပိုမိုများပြားလာနိုင်တဲ့အတွက် ထားဝယ်လေဆိပ်နဲ့ လေယာဉ်ပြေးလမ်းကို ကြိုတင်အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတဟာ ထားဝယ်လေဆိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဆိပ်အဆင့်မြှင့်တင်တိုးချဲ့ရေးနဲ့ လေယာဉ်ပြေးလမ်း ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုအခြေအနေတွေကို တာဝန်ရှိသူတွေဆီက ရှင်းလင်းတင်ပြချက်တွေ လက်ခံရယူခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းမင်းတို့က ထားဝယ်လေဆိပ်ဆိုင်ရာ အချက်အလက်တွေအပြင် ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်နေမှုအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံတော်သမ္မတက လေဆိပ်နဲ့ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေမှာ ရေရှည်တည်တံ့ခိုင်မာမှုရှိစေဖို့နဲ့ လေယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ဖို့ အလေးထားဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဒါ့အပြင် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်တဲ့နေရာတွေ မရှိစေဖို့ ရေနုတ်မြောင်းတွေကို စနစ်တကျတွက်ချက် တည်ဆောက်ဖို့၊ ပြေးလမ်းဘေးနှစ်ဖက်ရှိ မြေသားလမ်းပုခုံးတွေကို စနစ်တကျဖော်ဆောင်ဖို့နဲ့ ပြေးလမ်းတစ်လျှောက်က ခြုံနွယ်တွေကို ခုတ်ထွင်ရှင်းလင်းဖို့လည်း မှာကြားခဲ့ပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတနဲ့အဖွဲ့ဟာ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှုတွေကို ကိုယ်တိုင်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။