ဒေသတွင်းခရီးသွားဖွံ့ဖြိုးရေးအတွက် ပြင်ဦးလွင်ကို ဦးတည်မြှင့်တင်နေ
ပြင်ဦးလွင်ဒေသရဲ့ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်အရှိန်မြှင့်နေပါတယ်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးဟာ ပြင်ဦးလွင်မြို့ရဲ့ အထင်ကရခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားနဲ့ ရှုခင်းကြည့်ရထားခရီးစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေတွေကို လေ့လာစစ်ဆေးခဲ့ပါတယ်။
နှစ်ပေါင်း ၁၂၀
ကျော်
သက်တမ်းရှိတဲ့ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးဟာ သဘာဝတောတောင်ရှုခင်းတွေနဲ့ ပေါင်းစပ်တည်ရှိနေတဲ့ ထူးခြားတဲ့ ခရီးသွားအရင်းအမြစ်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းနဲ့ ကော်ဖီခရီးသွားလုပ်ငန်းစတဲ့ ခရီးသွားထုတ်ကုန်အသစ်တွေ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ များစွာရှိနေတယ်လို့လည်း သိရပါတယ်။
တာဝန်ရှိသူတွေကတော့ ရှိပြီးသားခရီးစဉ်ဒေသတွေအပြင် အသစ်ဖော်ထုတ်နိုင်မယ့် ခရီးသွားဆွဲဆောင်ရာနေရာတွေကို ဆက်လက်မြှင့်တင်သွားဖို့ စီစဉ်နေကြပြီး ပြင်ဦးလွင်ကို ဒေသတွင်းအရေးပါတဲ့ ခရီးသွားဗဟိုချက်တစ်ခုအဖြစ် ပိုမိုဖွံ့ဖြိုးလာစေဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။