Home  / News  / News Details

သတင်း အသေးစိတ်

သုခတော်ဝင်အိမ်ရာ(၂)ရှိ ၂ အိပ်ခန်းပါ တိုက်ခန်းများအား Digital Spin မဲစနစ်ဖြင့် နေရာချထား

Jul 8, 2026  /

သုခတော်ဝင်အိမ်ရာ(၂)ရှိ ၂ အိပ်ခန်းပါ တိုက်ခန်းများအား Digital Spin မဲစနစ်ဖြင့် နေရာချထား
ဇူလိုင် (၄)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၂ ခန်းပါ) 4U4S တိုက်ခန်းများအတွက် လျှောက်ထားသူများအား Digital Spin မဲစနစ်ဖြင့် နေရာချထားခြင်းအခမ်းအနားကို ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုခတော်ဝင်အိမ်ရာ စိစစ်နေရာချထားရေးနှင့် တည်ဆောက်ရေးဆပ်ကော်မတီဝင်များအပြင် တိုက်ခန်းလျှောက်ထားသူများ တက်ရောက်ခဲ့ကြသည်။
ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က ပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ လူနေမှုဘဝအရည်အသွေး မြှင့်တင်ရန်နှင့် နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုက်ခန်းများကို ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရန် မဲစနစ်ဖြင့် ခွဲဝေရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် မဲပေါက်သူများအနေဖြင့် ရရှိသည့်အိမ်ရာများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သုခတော်ဝင်အိမ်ရာ စိစစ်နေရာချထားရေးဆပ်ကော်မတီက တိုက်ခန်းရောင်းချမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အိမ်ရာတည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးဆပ်ကော်မတီက စီမံကိန်းကို ၂၀၂၇ ခုနှစ် ဇွန်လတွင် အပြီးတည်ဆောက်ကာ ဇူလိုင်လအတွင်း ဝယ်ယူသူများထံ လက်ဝယ်အရောက် အပ်နှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်မည့် အစီအစဉ်၊ တိုက်ခန်းလျှောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် Digital Spin မဲစနစ် အသုံးပြုပုံတို့ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ရှင်းလင်းခဲ့ကြသည်။
ယင်းနောက် လျှောက်ထားသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်ရှိ တိုက်ခန်းများကို အစဉ်လိုက် မဲနှိုက်နေရာချထားပေးခဲ့သည်။
အလားတူ ဇူလိုင် ၂ ရက်တွင်လည်း သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိ ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၃ ခန်းပါ) တိုက်ခန်းများအတွက် လျှောက်ထားသူများအား Digital Spin မဲစနစ်ဖြင့် ဆက်လက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။