Home  / News  / News Details

သတင်း အသေးစိတ်

သန်လျင်အမှတ် (၃) တံတားသစ်ဖြတ်သန်းခ ဇွန် ၁၅ ရက်နေ့ စကောက်မည်

Jun 10, 2024  /

သန်လျင်အမှတ် (၃) တံတားသစ်ဖြတ်သန်းခ ဇွန် ၁၅ ရက်နေ့ စကောက်မည်
ဇွန်လ (၁၀)ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ ပဲခူးမြစ်ကူး (သန်လျင် အမှတ် ၃) တံတားသစ် ဖြတ်သန်းခတွေကို ဇွန်လ ၁၅ ရက်ကစတင်ပြီး ကောက်ခံသွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
သန်လျင်တံတားသစ် အသုံးပြုခကို လက်ရှိတွင် ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ အခမဲ့ ဖြတ်သန်းခွင့် ပြုပေးသွားမှာဖြစ်ပြီး ဇွန်လ ၁၅ ရက်က စတင်ပြီး တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားအလိုက် ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။
သန်လျင်အမှတ်၃တံတားသစ် အသုံးပြုခကောက်ခံနှုန်းထားများကို အိမ်စီးကား ၃ တန်အောက်ဆိုပါက ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာဆိုရင် ၁၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင် ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်းဆိုရင် ၂၀၀၀ ကျပ်၊ ကုန်တင်ကား(ငယ်) ၆ ဘီး၊ ၈ ဘီး၊ ကုန်တင်ယာဉ်ဆိုရင် ၄၀၀၀ ကျပ် နဲ့ တန်ပိုဒဏ်ကြေး ၁၂၀၀၀ ကျပ်၊ ကုန်တင်ကား(ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကားဆိုရင် ၁၂၀၀၀ ကျပ် နှင့်တန်ပိုဒဏ်ကြေး ၂၂၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီး တွဲကားဆိုရင် ၂၂၀၀၀ ကျပ် နှင့် တန်ပို ဒဏ်ကြေး ၆၆၀၀၀ ကျပ် နှင့် ကုန်မပါ တွဲကားဆိုပါက ၄၀၀၀ ကျပ် ကောက်ခံသွားမှာဖြစ်ပါတယ်။
သန်လျင် အမှတ် ၃ တံတားသစ်ကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သန်လျင်တံတားအမှတ် ၁ တွင် ဖြစ်ပေါ် နေတဲ့ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်မှာဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။ (သဲသဲ)