ငလျင်နဲ့အတူပေါ်ထွက်လာတဲ့ အင်းဝမြို့ဟောင်းမှရေနန်းတော်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ရေနန်းတော်ဆိုတာကို လက်ဝဲနော်ရထာ အမတ်ရဲ့ ပုရပိုက်ပုံမှာဦးစွာ တွေ့ရှိခဲ့ရတာပဲဖြစ်ပြီး သမိုင်းမှတ်တမ်းများအရ ရေနန်းတော်အကြောင်းကို ဖော်ပြရာမှာတော့ ဆင်ကပ်လှေကားအိမ်ပါသော သရက်ကင်း အုတ်လှေကားကြီးများ၊ ကျွန်းသစ်ဖြင့် တည်ဆောက်ခဲ့သော အဆောင်များပါဝင်ကြောင်း ဖော်ပြထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် ရတနာပူရ စတုတ္ထမြို့တည် နန်းတည် သံလျက်စွန်းမြေတွင် ဆောက်လုပ်ခဲ့တဲ့ ရေနန်းတော်မှာတော့ ဆင်ကပ်လှေကားအိမ်ပါ သရက်ကင်း အုတ်လှေကားကြီး ၅ စင်း၊ ပြဿဒ်နှင့် ဇေတဝန်ဆောင်အပါအဝင် အဆောင် စုစုပေါင်း ၁၈ ဆောင်ပါဝင်သည်ကိုလည်း ပုရပိုက်တစ်ခုမှာတွေ့ရှိရပါတယ်။
အဆောင် ၁၈ ဆောင်အနက် ရေအိမ်တော်ပါ ထည့်တွက်ပါက အဆောင် ၂၀ ရှိမည်ဟု ခန့်မှန်းရပြီးအဆိုပါ အဆောင်များကို မြန်မာ့ဗိသုကာနည်းပညာအတိုင်း မြေဝင်တစ်သူ၊ ကျောရပ်တစ်လံ၊ အမြင့်တွင် ကြမ်းခင်းလျက် အပေါ်ပိုင်းတွင် သက်ဆိုင်ရာ မင်းခမ်းမင်းနား အဆောင်များ ပါဝင်မည်ဟုလည်း ယူဆရပါတယ်။
မြန်မာ့သမိုင်းမှာတော့ ရေနန်းတော်ဆိုတာ အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီးပြီး ခေါင်းဆေးမင်္ဂလာပြုခြင်း၊ အတာရေသဘင်ပွဲဆင်နွှဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါတဲ့ အဆောင်တော်များလည်းဖြစ်တယ်လို့ သိရပါတယ်။
ယခုတွေ့ရှိရတဲ့ ရေနန်းတော်ဟု ယူဆနေကြတဲ့ အဆောက်အအုံရဲ့ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး ယခုလ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားတဲ့ ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားတဲ့လှေကားခုံနှင့် ဆက်စပ်လျက်ရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ပါတယ်။
ဒါကြောင့် ၂၀၂၅၆ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာမှာတော့ အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိနေတယ်လို့လည်းသိရပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာတဲ့ အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံအမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။
ကိုးကား - ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန Facebook Page