Home  / News  / News Details

သတင်း အသေးစိတ်

အိမ်ခြံမြေ လွှဲပြောင်း၊ ရောင်းချခြင်းအတွက် အခွန်ဆောင်ပြီးမှသာ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်စာတမ်း မှတ်ပုံတင်ခွင့်ပြုမည်

Dec 27, 2023  /

အိမ်ခြံမြေ လွှဲပြောင်း၊ ရောင်းချခြင်းအတွက် အခွန်ဆောင်ပြီးမှသာ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်စာတမ်း မှတ်ပုံတင်ခွင့်ပြုမည်

ဒီဇင်ဘာ (၂၇) ရက် Myanmar Property Dealer လယ်ယာမြေ၊ အိမ်ခြံမြေ အပါအဝင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ ရောင်းချမှုအပြီး ကိုယ်စားလှယ်လွှဲစာများ (SP ၊ GP) အား မှတ်ပုံတင်ပေးရန် လျှောက်ထားလာပါက မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ဦးစွာ ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေးထားပါတယ်။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပေဒ အပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ကျသင့်သော အခွန်များ ပြည့်စုံစွာ ထမ်းဆောင်ပြီးဖြစ်သည့် ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်တဲ့အချိန်မှသာ အထွေထွေကိုယ်စားလှယ်လွှဲစာများ (Special Power ၊ General Power) ကို မှတ်ပုံတင်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ “နေမယ့်သူတွေအတွက်တော့ နောင် ဆောင်ရမယ့် အခွန်ကို လက်ရှိ ကြိုဆောင်ထားလိုက်ရင် အပန်းမကြီးပေမယ့် ဝယ်ရောင်းတို့၊ ရင်းနှီးမြှုပ်နှံသူတို့မှာ အခက်အခဲဖြစ်ကုန်တာ”ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယခင်က မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ ပြုလုပ်တဲ့အခါ အထွေထွေကိုယ်စားလှယ်လွှဲစာများ (SP ၊ GP) ကို အရပ်စာချုပ်ချုပ်ဆိုပြီး လွှဲပြောင်းကာ ၄ လအတွင်း နာမည်ပြောင်းချိန်မှာ ပုံစံ ၁၀၅ ကူးခြင်း၊ အခွန်ဆောင်ခြင်းများ ဆောင်ရွက်ရပြီး ၄ လကျော်ပါကလည်း ဒဏ်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ခြင်း ဆောင်ရွက်ခွင့်ရှိခဲ့တာဖြစ်ပါတယ်။ “အဲ့လိုနဲ့ပဲ သွားလာခဲ့တာ နှစ်တွေအများကြီး၊ ဆယ်စုနှစ်တွေနဲ့ချီပြီးတော့လေ။ အခုတော့ power ယူမယ်ဆိုရင် ပုံစံ ၁၀၅ မြေပုံ/မြေယာကူး၊ ရောင်းခွန်/ဝယ်ခွန်ဆောင်။ ရောင်းသူဘက်က ၁၀ ရာခိုင်နှုန်း၊ ဝယ်သူဘက်က တံဆိပ်ခေါင်းခွန်နဲ့ ဝင်ငွေခွန်။ တံဆိပ်ခေါင်းခွန်က ၄ ရာခိုင်နှုန်း၊ ဝင်ငွေခွန်က ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း။ ဒီအခွန်တွေ ဆောင်ပြီးမှ မှတ်ပုံတင်စာချုပ်ချုပ်၊ မှတ်ပုံတင်စာချုပ်ကြီးချုပ်ပြီးမှ Power ပေးမယ့် ပုံစံဖြစ်သွားတယ်”ဟု အသင်းတာဝန်ရှိသူက ရှင်းပြထားပါတယ်။
ယခုကဲ့သို့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်တဲ့ ကိုယ်စားလှယ်လွှဲစာများကို အခွန်ပေးဆောင်ပြီးမှ မှတ်ပုံတင်ပေးခြင်းသည် ရောင်းမှား၊ ဝယ်မှား ဖြစ်ပေါ်ခြင်းကို ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြို့တော်စာချုပ်၊စာတမ်း မှတ်ပုံတင်ရုံးမှ သိရပါတယ်။