ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတဲ့ ဝဇီရာ ရုပ်ရှင်ရုံ
ဇူလိုင်လ (၂၆)ရက်
Myanmar Property Dealer
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားတဲ့ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရပါတယ်။
ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားတဲ့ Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမယ့် အဆောက်အအုံကြီးတစ်ခုလည်းဖြစ်ပါတယ်။
အဆိုပါ ဝဇီရာရုပ်ရှင်ရုံကြီးက ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့တဲ့ ရုပ်ရှင်ရုံကြီးဖြစ်တဲ့အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။
ယခုအခါ ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး (Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမကပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်တဲ့ နေရာများအဖြစ်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။