တိုက်ခန်းရောင်းချရာတွင် မြေရှင်ကို ၂ ရာခိုင်နှုန်းပေးရခြင်းနှင့် မြေရှင်လက်မှတ်ပါမှ စာချုပ်တရားဝင်ခြင်းတို့ကို ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိ
ဩဂုတ် ၂၇
Myanmar Property Dealer
တိုက်ခန်း လွှဲပြောင်းရောင်းချရာမှာ မြေရှင်ကို ရောင်းရငွေရဲ့ ၂ ရာခိုင်နှုန်း ပေးချေရတာနဲ့ အရောင်းအဝယ်စာချုပ်မှာ မြေရှင်ရဲ့ လက်မှတ်ပါရှိမှသာ စာချုပ်တရားဝင်တယ်ဆိုတဲ့ ကိစ္စရပ်တွေကို အခွန်ဆိုင်ရာ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ပြန်လည်ဖြေကြားလိုက်တာပါ။
အဆိုပါအကြောင်းအရာကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့မှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုးက ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းဝယ်ယူနေထိုင်သူတွေနဲ့ မြေရှင်တွေကြား ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အခြေခံလူတန်းစားတွေ အပါအဝင် တိုက်ခန်းပိုင်ရှင်အချို့ဟာ မိမိတို့ပိုင်ဆိုင်တဲ့ တိုက်ခန်းကို ပြန်လည်ရောင်းချတဲ့အခါ မြေရှင်ရဲ့ လက်မှတ်ပါရှိမှသာ အရောင်းအဝယ်စာချုပ် တရားဝင်တယ်ဆိုတဲ့ အယူအဆကြောင့် မြေရှင်ထံ လက်မှတ်ထိုးခ ပေးဆောင်နေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အလားတူ တိုက်ခန်းရောင်းချတဲ့အခါ ရောင်းရငွေရဲ့ ၂ ရာခိုင်နှုန်းကို မြေရှင်ထံ ပေးဆောင်ရမယ်ဆိုပြီး တောင်းခံတာတွေလည်း ရှိနေကြောင်း သိရပါတယ်။
ဒါပေမယ့် '' မြေရှင်က အရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ရောင်းရငွေရဲ့ ၂ ရာခိုင်နှုန်းကို မြေရှင်ထံ ပေးဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း မရှိဘူး ''လို့ ဝန်ကြီးက လွှတ်တော်မှာ ရှင်းလင်းဖြေကြားထားပါတယ်။
ထို့ကြောင့် တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ တိုက်ခန်းကို ပြန်လည်ရောင်းချရာမှာ ဥပဒေအရ မဖြစ်မနေ ပေးဆောင်ရမယ့် အခကြေးငွေနဲ့ အခြားကိစ္စရပ်တွေကို သေချာစွာ သိရှိထားဖို့ လိုအပ်ပါတယ်။
လွှတ်တော်မှာ မေးမြန်းသူဘက်ကလည်း မြေရှင်လက်မှတ်ထိုးခနဲ့ ရောင်းရငွေရဲ့ ၂ ရာခိုင်နှုန်း တောင်းခံမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ငွေကြေးနစ်နာမှုတွေ မဖြစ်ပေါ်စေရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအနေဖြင့် ရှင်းလင်းစွာ အသိပေးထုတ်ပြန်ပေးဖို့ တိုက်တွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ''မြေရှင်လက်မှတ်ပါမှသာ တိုက်ခန်းအရောင်းအဝယ်စာချုပ် တရားဝင်ဖြစ်မယ်ဆိုတဲ့ အယူအဆဟာ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေအပေါ် အခြေခံထားတာ မဟုတ်ဘဲ ပြည်သူတွေအကြား မှားယွင်းစွာ အမြစ်တွယ်နေတဲ့ အယူအဆတစ်ရပ် ဖြစ်ကြောင်း '' သိရပါတယ်။