Home  / News  / News Details

သတင်း အသေးစိတ်

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အခန်းရမည်ဟု လိမ်လည်မှုများရှိနေ၍ မယုံကြရန် အိုးအိမ်အသိပေး

Aug 22, 2026  /

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အခန်းရမည်ဟု လိမ်လည်မှုများရှိနေ၍ မယုံကြရန် အိုးအိမ်အသိပေး

ဩဂုတ် (၂၁)
Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်စစ်မင်းအိမ်ရာနဲ့ ယုဇနအပိုင်း (၃) အိမ်ရာတို့က အိမ်ခန်းတွေကို ဝယ်ယူခွင့်လျှောက်ထားထားသူတွေအား အခန်းရရှိမယ်လို့ဆိုကာ လိမ်လည်ဆောင်ရွက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ သတိပြုကြဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါအိမ်ရာတွေမှာ အိမ်ခန်းလျှောက်လွှာ တင်ပေးမယ်၊ အိမ်ခန်းရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး လိမ်လည်ပြောဆိုမှုတွေ ကြုံတွေ့နေရတာကြောင့် မယုံကြည်ကြဖို့နဲ့ ငွေကြေးပေးအပ်ခြင်း မပြုလုပ်ဖို့ အသိပေးထားတာ ဖြစ်ပါတယ်။

အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာတင်ထားသူတွေကို သက်ဆိုင်ရာဌာနက စိစစ်ရွေးချယ်ပြီးနောက် ဝယ်ယူခွင့်ရရှိသူတွေကို **နေပြည်တော်ဖုန်းနံပါတ် ၀၆၇-၃၄၀၇၅၂၇** ကနေ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ် အကြောင်းကြားသွားမှာဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လိမ်လည်မှုတွေ ဖြစ်ပွားနေတဲ့ **ကျန်စစ်မင်းအိမ်ရာ**ဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး အပိုင်း (၁) အနေနဲ့ ဧက ၅၀ ပေါ်မှာ တိုက်ပေါင်း ၇၃ လုံးနဲ့ အခန်းပေါင်း ၂,၃၇၂ ခန်း ပါဝင်ပါတယ်။ အပိုင်း (၂) ကိုလည်း ဆက်လက်တိုးချဲ့ဆောက်လုပ်ထားတဲ့ အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါတယ်။

လက်ရှိမှာလည်း လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ တိုက်ခန်းတွေ ဝယ်ယူဖို့အတွက် ငွေပေးသွင်းရန် အကြောင်းကြားစာအတုတွေ ပြုလုပ်ပြီး လိမ်လည်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။

အလားတူ **ယုဇနအိမ်ရာ အပိုင်း (၃)** ဟာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ဝင်းအတွင်း တည်ရှိပါတယ်။

ယုဇနအိမ်ရာ အပိုင်း (၃) မှာ ၄ ထပ်တိုက် ၂၁ လုံးနဲ့ အခန်းပေါင်း ၅၀၄ ခန်း ပါဝင်ပြီး အပိုင်းလိုက် စီမံကိန်းတွေ အပါအဝင် စုစုပေါင်း အခန်းပေါင်း ၁,၄၅၆ ခန်းအထိ ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျန်စစ်မင်းအိမ်ရာနဲ့ ယုဇနအပိုင်း (၃) အိမ်ရာတွေမှာ အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာတင်ပေးမယ်၊ အခန်းရရှိအောင် ဆောင်ရွက်ပေးမယ်၊ အခန်းရရှိမယ်ဆိုပြီး လာရောက်ပြောဆိုတာတွေကို မယုံကြည်ကြဖို့နဲ့ ငွေကြေးပေးအပ်ခြင်း မပြုလုပ်မိစေရေး သတိပြုကြဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။