မော်လမြိုင်မြို့တွင် မြေဧရိယာ ၃၀ ဒသမ ၈၅၄ ဧကပေါ်၌ ကုန်တင်ကားကြီးရပ်နားစခန်း၊ ကုန်စည်သိုလှောင်ရုံ၊ Shopping Mall နှင့် သစ်သီးဝလံဈေးတို့ တည်ဆောက်မည်
နိုဝင်ဘာ
(၄)
Myanmar
Property Dealer
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်မှာရှိတဲ့ မြေဧရိယာ ၃၀ ဒသမ ၈၅၄ ဧကပေါ်တွင် ကုန်တင်ကားကြီးရပ်နားစခန်း၊ ကုန်စည်သိုလှောင်ရုံများ၊ Shopping Mall နှင့် သစ်သီးဝလံဈေးတို့ တည်ဆောက်သွားမှာဖြစ်တယ်လို့
မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါစီမံကိန်းကို မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အကွက်အမှတ်နှင့် အမည် ၇၉ (ဘူတာရုံကွင်း)၊ ဦးပိုင်အမှတ် ၆ တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး စုစုပေါင်းမြေဧရိယာ ၃၀ ဒသမ ၈၅၄ ဧကကို အပိုင်းလိုက်ခွဲဝေပြီးတည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ယင်းမြေဧရိယာအနက် ၂၅ ဒသမ ၃၅၄ ဧကပေါ်တွင် ကုန်တင်ကားကြီးရပ်နားစခန်းနဲ့ ကုန်စည်သိုလှောင်ရုံများကို တည်ဆောက်မှာဖြစ်ပြီး ၂ ဒသမ ၅၀ ဧကတွင် Shopping Mall တစ်ခုနဲ့ ကျန် ၃ ဧကတွင် သစ်သီးဝလံဈေးတစ်ခုကို တည်ဆောက်သွားရန် စီစဉ်ထားတယ်လို့သိရပါတယ်။
အဆိုပါလုပ်ငန်းများကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုတဲ့ စိတ်ပါဝင်စားသော မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of
Interest - EOI) တင်သွင်းနိုင်ကြောင်း သိရပြီးလျှောက်လွှာများကို နိုဝင်ဘာ ၄ ရက်မှစတင်ပြီး ရက်ပေါင်း ၂၀ အတွင်း ရုံးချိန်အတွင်း တစ်စောင်လျှင် ကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။
ဒါ့အပြင် လျှောက်လွှာများကို လာမဲ့ ဒီဇင်ဘာ ၃ ရက်တွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ကျိုက္ခမီလမ်းရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမှာဖြစ်ပြီး အဆိုပြုလွှာဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးယှဉ်ပြိုင်လျှောက်ထားမဲ့ ကုမ္ပဏီများသာ သိရှိသင့်တဲ့ အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံ ထုတ်ဖော်ပြောဆိုခြင်းမပြုကြောင်း သဘောတူညီချက်တင်ပြနိုင်မှသာ လျှောက်လွှာများကို ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။