ဧရာဝတီတိုင်းမှာ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ ဧက ၇ သောင်းကျော်ကို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးမည်
ဧရာဝတီတိုင်းဒေသကြီးအတွင်း
သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ မြေဧက ၇ သောင်းကျော်ကို အမြန်ဆုံး
စိစစ်ဆောင်ရွက်ပေးသွားမယ်လို့
သိရပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ မြေဧရိယာဟာ စုစုပေါင်း ၇၂,၃၆၂ ဒသမ
၉၇ ဧက ရှိနေတာဖြစ်ပါတယ်။
အဲဒီကျန်ရှိနေတဲ့ မြေတွေကိုတော့ မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့် ကြီးကြပ်ရေးအဖွဲ့တွေက အမှုတွဲတစ်ခုချင်းစီအလိုက် ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်တင်ပြသွားမှာဖြစ်ပြီးအဲဒီနောက်
သစ်တောဦးစီးဌာနက သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ
ပယ်ဖျက်ပေးသွားမှာဖြစ်တယ်လို့
သိရပါတယ်။
ဒီလို သစ်တောမြေတွေကို စိစစ်ပယ်ဖျက်ပေးဖို့ ဆောင်ရွက်တာဟာ မြို့ပြနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ
အကောင်အထည်ဖော်ရာမှာ ပြည်သူတွေရဲ့ နေထိုင်ရေး၊ စားဝတ်နေရေးနဲ့ လူမှုစီးပွားဘဝတွေ ပိုမိုအဆင်ပြေဖွံ့ဖြိုးလာစေဖို့
ရည်ရွယ်တာဖြစ်တယ်လို့
သိရပါတယ်။
ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ မြေဧရိယာတွေထဲမှာတော့ အိမ်ခြေ ၅၀ အောက်ရှိတဲ့ ရွာတွေ၊
စာသင်ကျောင်းတွေ၊ ကျန်းမာရေးဆေးပေးခန်းတွေနဲ့
ဘုန်းကြီးကျောင်းတွေ ဆောက်လုပ်ထားတဲ့ မြေနေရာတွေလည်း ပါဝင်နေပါတယ်။
အဲဒီသစ်တောမြေ ပယ်ဖျက်ရေးစာရင်းမှာ ကြံခင်း၊ မြန်အောင်၊ ပုသိမ်၊ လေးမျက်နှာ၊ သာပေါင်း၊ ငပုတော၊ မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံနဲ့ လပွတ္တာမြို့နယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အိမ်ခြေ ၅၀ အောက်ရှိတဲ့ အိမ်စု၊
ရွာစုတွေကို သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ပေးတဲ့လုပ်ငန်းတွေကို
၂၀၁၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်ခဲ့ရာမှာ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ပယ်ဖျက်မှုအများဆုံးရှိခဲ့ပြီး
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
စာရင်းကောက်ယူထားတဲ့အခြေအနေအရ
သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ မြေဧရိယာဟာ ဧက ၂ သိန်းနီးပါး
ရှိနေသေးတယ်လို့ သိရပါတယ်။
ဒါကြောင့် ဧရာဝတီတိုင်းအတွင်း သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ ဧက ၇ သောင်းကျော်ကို
အမှုတွဲတစ်ခုချင်းစီအလိုက်
ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက်
သက်ဆိုင်ရာဒေသတွေအတွက်
မြေယာကိစ္စတွေ အဆင်ပြေလာနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။