ရွာသာကြီး(အကြီးစား)စက်မှုဇုန်အတွင်း ရန်ပုံငွေပေးသွင်းရန် ပျက်ကွက်သည့် မြေကွက်နှင့် စက်ရုံ-အလုပ်ရုံ ၁၀ ခုရှိ၊ ကျပ် ၄၄၇ သိန်းကျော် ကြွေးကျန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရွာသာကြီး(အကြီးစား)စက်မှုဇုန်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရန်ပုံငွေပေးသွင်းရန် ပျက်ကွက်လျက်ရှိ တဲ့ မြေကွက်နှင့် စက်ရုံ-အလုပ်ရုံ ၁၀ ခုရှိပြီး စုစုပေါင်းပေးသွင်းရန်ကျန်ငွေမှာ ကျပ် ၄၄၇ သိန်းကျော်ရှိတယ်လို့ ရွာသာကြီး(အကြီးစား)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါစာရင်းတွင် ခြံကွက်လပ်များအပြင် ဦးကျော်ကျော်အောင်၊ Three Friends Construction Co.,Ltd၊ ဒေါ်ဝါဝါချစ်၊ ဦးလင်းအဖီး၊ ဦးစိုးမြင့်၊ ဒေါ်ဖြူဖြူအောင်တို့အပါအဝင် ပိုင်ရှင်များနှင့် ဂိုထောင်တစ်ခု ပါဝင်ပြီးစာရင်းအရ အမှတ်(၃၉) ညောင်ဦးလမ်းရှိ ခြံကွက်လပ်၊ အမှတ်(၆)နှင့် အမှတ်(၇) ရိုးမရိပ်သာလမ်းရှိ မြေကွက်များ၊ အမှတ်(၁၉)နှင့် အမှတ်(၂၀) ပုဂံဝန်ထောက်ဦးတင်လမ်းရှိ မြေကွက်များအပါအဝင် စက်မှုဇုန်အတွင်းရှိ မြေကွက်နဲ့အဆောက်အအုံများမှ ရန်ပုံငွေပေးသွင်းရန် ပျက်ကွက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။
ယင်းစာရင်းတွင် ဖော်ပြထားတဲ့ ကြွေးကျန်ကာလမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိဖြစ်ပြီး ပေးသွင်းရန်ကျန်ငွေများမှာ ပိုင်ရှင်တစ်ဦးချင်းစီအလိုက် ကွဲပြားလျက်ရှိနေပြီးစာရင်းအရ ဦးကျော်ကျော်အောင် ပိုင်ဆိုင်တဲ့အမှတ်(၆) ရိုးမရိပ်သာလမ်းရှိ မြေကွက်အတွက် ကျပ် ၄၅၁၇၆၀၀၊ အမှတ်(၇) ရိုးမရိပ်သာလမ်းရှိ မြေကွက်အတွက် ကျပ် ၃၇၀၀၉၂၈၊ Three Friends Construction Co.,Ltd ပိုင် အမှတ်(၁၉) ပုဂံဝန်ထောက်ဦးတင်လမ်းရှိ မြေကွက်အတွက် ကျပ် ၂၆၀၁၉၃၂ ပေးသွင်းရန် ကျန်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဦးစိုးမြင့် ပိုင်ဆိုင်တဲ့အမှတ်(၂၂၈) ဂရုဏာလမ်းရှိ မြေကွက်မှာ ကျပ် ၇၈၈၈၈၀၀၊ ဦးလင်းအဖီး ပိုင်ဆိုင်တဲ့ အမှတ်(၃၁) ပုဂံဝန်ထောက်ဦးတင်လမ်းရှိ မြေကွက်မှာ ကျပ် ၆၉၉၉၀၀၀၊ ဒေါ်ဖြူဖြူအောင် ပိုင်ဆိုင်တဲ့အမှတ်(၆၉၇) ရိုးမရိပ်သာလမ်းရှိ မြေကွက်မှာ ကျပ် ၁၂၃၆၀၀၀ ပေးသွင်းရန် ကျန်ရှိကြောင်း စာရင်းတွင် ဖော်ပြထားရှိပါတယ်။ အဆိုပါ ရန်ပုံငွေကြွေးကျန်စာရင်းတွင် ခြံကွက်လပ်နှင့် ဂိုထောင်များလည်း ပါဝင်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်းပေးသွင်းရန်ကျန်ငွေမှာ ကျပ် ၄၄၇၈၃၀၆၄ ဖြစ်ကြောင်း ရွာသာကြီး(အကြီးစား)စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ စာရင်းတွင် ဖော်ပြထားရှိပါတယ်။