Home  / News  / News Details

သတင်း အသေးစိတ်

ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုကို ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည်ဟုဆိုကာ အရေးယူမည်

Jul 2, 2024  /

ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုကို ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည်ဟုဆိုကာ အရေးယူမည်

ဂျူလိုင် (၂)ရက်။

Myanmar Property Dealer

 

ပြည်တွင်းရှိ ဧရာဝတီဘဏ်အပါအဝင် ပြည်တွင်းဘဏ် ၇ ခုကို ဗဟိုဘဏ်ရဲ့သတ်မှတ်ချက်အား ကျော်လွန်ပြီး အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားတာကြောင့် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာများမှာဖော်ပြထားပါတယ်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း (၃) နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိတယ်လို့လည်းသိရပါတယ်။

 ဒါပေမယ့် အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာထုတ်ချေးလျက်ရှိနေတာကို သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ဗဟိုဘဏ် သတ်မှတ်ချက်အား ကျော်လွန်ပြီး အိမ်ရာချေးငွေထုတ်ချေးထားတဲ့ ပုဂ္ဂလိကဘဏ် ၇ ခုအား စိစစ်တွေ့ရှိရကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။

 အဆိုပါဘဏ်များမှာ ရိုးမဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းအားကျော်လွန် ထုတ်ချေးထားခြင်း၊မြန်မာနိုင်ငံသားများဘဏ်မှ  ၈ ဒသမ ၉၄ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း၊   ဧရာဝတီဘဏ်မှ ၁ ဒသမ ၉၆ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း၊အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ၁ ဒသမ ၀၁ ရာခိုင်နှုန်းကျော်လွန်ထုတ်ချေးထားခြင်း ၊UAB ဘဏ်မှ ၃ဒသမ ၃၈ ရာခိုင်နှုန်းကျော်လွန်ထုတ်ချေးထားခြင်း၊မြန်မာမက်ထရိုဘဏ်မှ  သုည ဒသမ ၃၉ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း နှင့်  ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)မှ ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားကြောင်း တွေ့ရှိရပါတယ်။

 ဖော်ပြပါ ဘဏ်များမှ ကျော်လွန်ထုတ်ချေးထားတဲ့ ချေးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့်ပတ်သက်တဲ့သတ်မှတ်ချက်အတိုင်း သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂလိကဘဏ် ၇ ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 ယင်းသတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားတဲ့ချေးငွေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမှာဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားရှိပါတယ်။

(မိုးမိုး)