Home  / News  / News Details

သတင်း အသေးစိတ်

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြင်ဆင်ဖွဲ့စည်း

Sep 28, 2026  /

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြင်ဆင်ဖွဲ့စည်း

စက်တင်ဘာ ၂၈ ရက် |

Myanmar Property Dealer

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၆) အရ သိရပါတယ်။

အဆိုပါကော်မတီကို ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ၊ အခန်း (၅)၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ) အရ ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။

ဒုတိယဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမြတ်လွင် ပါဝင်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး သို့မဟုတ် ဒုတိယဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးဗိုလ်မှူးချုပ်နှင့် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားတာတွေ့ရှိရပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ဇောမောင်ကို အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ကို တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ခန့်အပ်ဖွဲ့စည်းထားရှိပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စီမံခန့်ခွဲမှုကော်မတီရဲ့ လုပ်ငန်းတာဝန်များနှင့်အညီ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်းအမိန့်ကြော်ငြာစာတွင် ဖော်ပြထားရှိပါတယ်။

အဆိုပါ ကော်မတီပြင်ဆင်ဖွဲ့စည်းမှုအမိန့်ကို မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၁) ဦးညိုစောက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။