Home  / News  / News Details

သတင်း အသေးစိတ်

လယ်ယာမြေများအား အကွက်စိတ်ရိုက် ရောင်းချပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်နေဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြား

Aug 10, 2026  /

လယ်ယာမြေများအား အကွက်စိတ်ရိုက် ရောင်းချပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်နေဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြား
ဩဂုတ် (၁၀)
Myanmar Property Dealer

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ရရှိပြီးနောက် ခွင့်ပြုချက်မရှိဘဲ အကွက်စိတ်ရိုက်ပြီး စီးပွားဖြစ် ရောင်းချနေတဲ့ ကိစ္စများနှင့် ပတ်သက်ပြီး တည်ဆဲလယ်ယာမြေ ဥပဒေပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံးလုပ်နည်း (SOP) များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြောပါတယ်။

သြဂုတ် ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့တဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးပိုအေး၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
"လယ်ယာမြေကို ကွက်စိတ်ရိုက်ခြင်း အပါအဝင် လယ်ယာမြေများပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုသူတွေကို သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက တည်ဆဲလယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ နောင်ထပ်မံ မဖြစ်ပွားစေဖို့အတွက်လည်း ထိန်းချုပ်ဆောင်ရွက်မယ့် စံပြုလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေပါတယ်" ဟု ဗိုလ်မှူးကြီး နေလင်းစိုးက ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားတဲ့ တောင်သူပေါင်း ၁၀,၈၃,၅၇၃ ဦး၊ ဦးပိုင်ပေါင်း ၁၉,၁၀,၃၄၈ ဦးနှင့် ဧရိယာ စုစုပေါင်း ၃၃,၅၈,၇၀၉.၁၆ ဧက ရှိကြောင်း သိရပါတယ်။လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရန် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ (စ) တွင် ပြဋ္ဌာန်းထားပြီး လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံများကို ဖယ်ရှားခြင်းနှင့် တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းများကို ဆောင်ရွက်နိုင်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့တာပါ။