Home  / News  / News Details

သတင်း အသေးစိတ်

သန်လျင်တံတားအမှတ်-၃ မကြာခင် ပြီးစီးတော့မည်ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးများမြင့်တက်လာ

Jan 28, 2024  /

သန်လျင်တံတားအမှတ်-၃ မကြာခင် ပြီးစီးတော့မည်ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးများမြင့်တက်လာ


ဇန်နဝါရီ (၂၈) ရက်

Myanmar Property Dealer


ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်မှု မကြာခင်ပြီးစီးတော့မှာဖြစ်တဲ့အတွက် သန်လျင်ဘက်မှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေကလည်း မြင့်တက်လာတယ်လို့  အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံကနေ သိရပါတယ်။

လက်ရှိမှာလည်း တံတားကြိုးဆိုင်းများ စတင်တပ်ဆင်နေပြီဖြစ်ကာ တံတားစီမံကိန်းတစ်ခုလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းလောက်ရှိပြီလို့  တံတားတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

" အခုက အိမ်ခြံမြေဈေးတွေက အဝယ်လိုက်လာတယ်။ ကားလမ်းမအကျယ်ဆိုရင် သိန်း ၂၀၀၀၀ ‌အထိကို ပေါက်ဈေးရှိတယ်။ တံတားနဲ့နီးတဲ့အတွင်းလမ်းဆိုရင် ၁၀၀၀ ဝန်းကျင်လောက်ရှိတယ်"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တံတားအရှည်မှာ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပါတယ်။

ဒါ့အပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီးပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရဲ့ အိမ်ခြံမြေဈေးတွေကလည်း မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ၎င်းကဆက်လက်ရှင်းပြထားပါတယ်။

#တံတားအမှတ်(၃)

#သန်လျင်အိမ်ခြံမြေဈေး