Home  / News  / News Details

သတင်း အသေးစိတ်

မှော်ဘီ မီးခံဘိလပ်မြေပြားစက်ရုံပိုင် မြေလွတ်ဧရိယာ (၃) ခုကို ၅ နှစ်စာ တင်ဒါခေါ်ငှားမည်

Jul 22, 2026  /

မှော်ဘီ မီးခံဘိလပ်မြေပြားစက်ရုံပိုင် မြေလွတ်ဧရိယာ (၃) ခုကို ၅ နှစ်စာ တင်ဒါခေါ်ငှားမည် 

ဇူလိုင် ၂၂ ရက်

Myanmar Property Dealer


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ)ပိုင် မြေလွတ်ဧရိယာ (၃) ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ငါးနှစ်ကာလအတွက် ငှားရမ်းဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်လို့  စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အဆိုပါ စက်ရုံသည် ရန်ကုန်မြို့မှ ၃၇ မိုင်ခန့်နှင့် မှော်ဘီမြို့မှ ၇ မိုင်ခန့်အကွာ၊ ဝါးနက်ချောင်းစံပြကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာအနီးတွင် တည်ရှိတာဖြစ်ပါတယ်။


တင်ဒါခေါ်ယူမဲ့  မြေလွတ်ဧရိယာများမှာ တင်ဒါအမှတ်စဉ် (၁) အတွက် မြေလွတ်ဧရိယာ (B) ၃၈ ဒသမ ၅၉ ဧက၊ တင်ဒါအမှတ်စဉ် (၂) အတွက် မြေလွတ်ဧရိယာ (C) ၅၆ ဧကနှင့် တင်ဒါအမှတ်စဉ် (၃) အတွက် မြေလွတ်ဧရိယာ (D) ၁၀ ဧကတို့ဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ငှားရမ်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီများအနေဖြင့် မိမိတို့စိတ်ဝင်စားတဲ့ တင်ဒါအမှတ်စဉ်အတွက် အဆိုပြုလွှာပုံစံကို ဝယ်ယူကာ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ တင်သွင်းနိုင်မှာဖြစ်တယ်လို့သိရပါတယ်။


တင်ဒါအဆိုပြုလွှာများကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ သြဂုတ် ၁၈ ရက် နောက်ဆုံးထားပြီး ပေးပို့တင်ပြရမှာဖြစ်ပါတယ်။


ဒါ့အပြင် တင်ဒါအဆိုပြုလွှာပုံစံနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီမှတ်ပုံတင်အထောက်အထားများနှင့်အတူ လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း တင်ပြစာတင်သွင်းပြီးဇူလိုင် ၂၀ ရက်မှစတင်ကာ ဝယ်ယူနိုင်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားရှိပါတယ်။