Home  / News  / News Details

သတင်း အသေးစိတ်

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ၃ ခုတွင် ငှားရမ်းလိုမှုမြင့်တက်

Apr 22, 2026  /

 

 

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ခုတွင် ငှားရမ်းလိုမှုမြင့်တက်

ဧပြီ (၂၂)ရက်။

Myanmar Property Dealer

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်တဲ့ မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး စီးပွားရေးလုပ်ငန်းရှင်များမှ ငှားရမ်းလိုမှုလည်း မြင့်တက်လျက်ရှိနေတယ်လို့ အိမ်ခြံမြေဈေးကွက်ထဲမှသိရပါတယ်။

အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံ မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းရှင်များ မြေနေရာငှားရမ်းလိုမှု အများဆုံး ဖြစ်ပေါ်နေတယ်လို့လည်း  အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များက ပြောပါတယ်။

 “မန္တလေးမှာ စက်မှုဇုန်နားနီးတဲ့ မြေကွက်ကျယ်တွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ အဲဒီနေရာတွေမှာ အရောင်းအဝယ်လည်း ပိုဖြစ်လာတယ်။ အငှားဈေးနှုန်းတွေလည်း တက်လာပါတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်ခန်းဖွင့်ချင်သူတွေကြောင့် ဖြစ်ပါတယ်ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

 လက်ရှိတွင် အချက်အချာကျတဲ့နေရာများ၌ ကုမ္ပဏီများနှင့် အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ကျယ်ဝန်းတဲ့ မြေနေရာများ လိုအပ်မှုမြင့်တက်နေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မန္တလေးအိမ်ခြံမြေဈေးကွက် အိမ်နှင့်ခြံ အရောင်းအဝယ်များမှာ ငြိမ်သက်နေသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် ငှားရမ်းလိုမှုများ ဆက်လက် မြင့်တက်လျက်ရှိနေပြီး အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ၏ တန်ဖိုးမှာ နေရာနှင့် အကျယ်အဝန်းအပေါ်မူတည်ပြီး သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရင်းနှီးမြှုပ်နှံမှုများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။