Home  / News  / News Details

新闻详情

မင်းရန်အောင်ရုပ်ရှင်ရုံနေရာတွင် နိုင်ငံတကာအဆင့်မီ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရန် EOI ဖိတ်ခေါ်

Sep 18, 2026  /

မင်းရန်အောင်ရုပ်ရှင်ရုံနေရာတွင် နိုင်ငံတကာအဆင့်မီ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရန် EOI ဖိတ်ခေါ်

စက်တင်ဘာ (၁၈)ရက်
Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းပေါ်ရှိ မင်းရန်အောင်ရုပ်ရှင်ရုံမြေနေရာမှာ DCP Digital ရုပ်ရှင်ရုံ၊ ဝန်ထမ်းအိမ်ရာနဲ့ ဈေးဆိုင်ခန်းတွေပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ အထပ်မြင့်အဆောက်အအုံတစ်ခု တည်ဆောက်သွားဖို့ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) တွေကို ဖိတ်ခေါ်ထားပါတယ်။

အဆိုပါလုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာနပိုင် မင်းရန်အောင်ရုပ်ရှင်ရုံဝင်းအတွင်းရှိ မြေဧရိယာ ၂ ဒသမ ၀၂၄ ဧကပေါ်မှာ BOT စနစ်နဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ငှားရမ်းဆောင်ရွက်ခွင့်ကာလကို ၃၀ နှစ်အပြင် ၅ နှစ်စီ သက်တမ်းတိုးခွင့်ပါဝင်တဲ့ စုစုပေါင်း ၄၀ နှစ်အထိ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

တည်ဆောက်မယ့် အဆောက်အအုံမှာတော့ ပရိသတ် ၇၅၀ ဆံ့ DCP Digital ရုပ်ရှင်ရုံအပြင် ဝန်ထမ်းအိမ်ရာနဲ့ ဈေးဆိုင်ခန်းတွေပါဝင်မှာဖြစ်ပါတယ်။

ဒီလုပ်ငန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တိုင်းဒေသကြီးတင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှာ မှတ်ပုံတင်ထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား တိုင်းရင်းသားပိုင် ပြည်တွင်းကုမ္ပဏီတွေကို စိတ်ဝင်စားမှုဖော်ပြလွှာ တင်သွင်းဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

စိတ်ဝင်စားမှုဖော်ပြလွှာ စာရွက်စာတမ်းတွေကိုတော့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)၊ အမှတ် ၁၀၂၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်မှာ ရုံးချိန်အတွင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

EOI စာရွက်စာတမ်းအပြည့်အစုံကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲ နောက်ဆုံးထားပြီး သတ်မှတ်ထားတဲ့ဌာနကို တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်တင်သွင်းတဲ့ အဆိုပြုလွှာတွေကို လက်ခံစဉ်းစားမှာမဟုတ်ဘူးလို့ သိရပါတယ်။

အသေးစိတ်သိရှိလိုသူတွေအနေနဲ့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) ကို ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၁-၈၆၆၄၇၄၁ နဲ့ ၀၉-၄၂၀၁၇၄၁၂၂ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။