မြေကွက်လွတ်များ ရှင်းလင်းမှုမရှိပါက စည်ပင်က ဝင်ရောက်ရှင်းလင်းမည်၊ ကုန်ကျစရိတ်ကို မြေပိုင်ရှင်က ကျခံရမည်
အောက်တိုဘာ (၁၆)ရက်။
Myanmar Property Dealer
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လူနေထိုင်မှုမရှိဘဲ မြက်နှင့် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေတဲ့ မြေကွက်လွတ်များကို သက်ဆိုင်ရာ မြေပိုင်ရှင်များအနေဖြင့် ကိုယ်တိုင်ရှင်းလင်းဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက အသိပေးကြေညာထားရှိပါတယ်။
မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် မြေကွက်ပိုင်ရှင်များ သို့မဟုတ် တာဝန်ရှိသူများအနေဖြင့် မိမိတို့ရဲ့ မြေကွက်အတွင်းနဲ့ အပြင်ရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပေးရမှာဖြစ်ပြီး မြေကွက်လပ်မျက်နှာစာတွင်လည်း ကျောက်တိုင်များ စိုက်ထူကာ သံဆန်ခါခြံစည်းရိုး (Chain Link) များ လည်း ကာရံထားရန် လိုအပ်ကြောင်းသိရပါတယ်။
သတ်မှတ်ထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်က ကိုယ်တိုင်ဝင်ရောက် ရှင်းလင်းဆောင်ရွက်မှာဖြစ်ပြီး ကုန်ကျစရိတ်အားလုံးကို သက်ဆိုင်ရာမြေကွက်ပိုင်ရှင် သို့မဟုတ် တာဝန်ရှိသူက ပြန်လည်ကျခံရမှာဖြစ်တယ်လို့ ကြေညာချက်တွင် ဖော်ပြထားရှိပါတယ်။
ဒါ့အပြင် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေကွက်များ ရှင်းလင်းဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကိုလည်း စနစ်တကျ တွက်ချက်ပြုစုပြီး မှတ်တမ်းတင်ထားရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါအစီအစဉ်သည် ရန်ကုန်မြို့အတွင်း လူနေထိုင်မှုမရှိတဲ့မြေကွက်များအတွင်း မြက်နဲ့ ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေခြင်းကို လျှော့ချကာ မြို့တော်သန့်ရှင်းသပ်ရပ်ရေးနှင့် သာယာလှပရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။