သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အခန်း ၄၈ ခန်းနှင့် ပြန်လည်သိမ်းဆည်းထားသည့် အခန်းများအား မဲနှိုက်ရွေးချယ်ပေးမည်
ဇွန်
၂၆
Myanmar Property Dealer
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းအတွင်းရှိ ထပ်မံဆောက်လုပ်ပြီးစီးခဲ့တဲ့ တိုက် ၃ လုံးမှ အခန်းစုစုပေါင်း ၄၈ ခန်းနှင့် စည်းကမ်းပျက်ကွက်မှုများကြောင့် ပြန်လည်သိမ်းဆည်းထားတဲ့ အခန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီတွင် တန်းစီဇယားအလိုက် မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ယခု မဲနှိုက်ပေးမဲ့ တိုက် ၃ လုံးအနက် တိုက်တစ်လုံးကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ လျှောက်ထားသူများအတွက် သတ်မှတ်ထားပြီး၊ တိုက်တစ်လုံးကို ပညာရေးဝန်ထမ်းများအတွက် သီးသန့်ခွဲဝေထားကာ ကျန်တစ်လုံးကို ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအတွက် ခွဲဝေသတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။
မဲနှိုက်ခွင့်ရရှိသူများအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှတစ်ဆင့် အသိပေးအကြောင်းကြားသွားမှာဖြစ်ပြီး အချို့ဌာနများတွင် တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာဌာနများက ဖုန်းဖြင့် ဆက်သွယ်အသိပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
သုခဒဂုံပြည်သူ့ အငှားအိမ်ရာသည် နေထိုင်ရေး အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို ငါးနှစ်ငှားရမ်း နေထိုင်ခွင့်ပြုထားတဲ့ ပြည်သူ့အငှား အိမ်ရာတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။