Home  / News  / News Details

新闻详情

Cele(ဆယ်လီ)များ နှင့်မြေကွက်အရှုပ်အရှင်း (သို့) ရောင်းမှားဝယ်မှားပြဿနာ

Jul 7, 2023  /

Cele(ဆယ်လီ)များ နှင့်မြေကွက်အရှုပ်အရှင်း (သို့)

ရောင်းမှားဝယ်မှားပြဿနာ

 

Myanmar Property Dealer

 

ရုပ်ရှင်မင်းသား/မင်းသမီးများကို လူသိများ ထင်ပေါ် ကျော်ကြားသူ တနည်းအားဖြင့် အနုပညာရှင်များလို့ သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။ အရင်ကဆို လူသိများထင်ပေါ်ဖို့ နာမည်တစ်ခုရဖို့ဆိုတာ မလွယ်ကူပေမယ့် အခု ၂၁ရာစုနောက်ပိုင်းမှာတော့ Social mediaခေတ် ဖြစ်နေတာနဲ့အညီ လူသိများဖို့ဆိုတာ လွယ်ကူလွန်းနေပါပြီ။

 ဒီလို Social Mediaပေါ်မှာ လူသိများသူတွေကို ခေတ်စကားအရ Celeများလို့ သုံးနှုန်းကြသလို Online Marketing Cele, Facebook Cele, Tiktok Celeတွေဟာလည်း ပေါများလာပါတယ်။ ဒီမှာ ပြောချင်တာကတော့ အနုပညာရှင်နဲ့ Celeဟာ လုံးဝ (လုံးဝ) မတူပါဘူး။

 အခုဆိုရင် လူတိုင်းဟာ Celeဖြစ်ဖို့ လွယ်နေကြသလို နာမည်ကြီးလာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း လိုက်လာတယ်လို့ဘဲ ပြောရမှာပါ။ အလုပ်အကိုင်အခွင့်အလမ်း ဆိုတဲ့နေရာမှာတော့ ခေတ်နဲ့အညီ Onlineပေါ်မှာ Liveလွင့်ပြီး ဈေးရောင်းတဲ့ အလုပ်တွေကို လုပ်လာကြတာပါ။

ဒီအပေါ်မှာ တချို့စီးပွားရေးသမားများရဲ့ အသုံးချမှုတွေနဲ့အညီ နာမည်ရCeleတွေဟာ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်မှာ ‘’အလုပ်အကိုင်တစ်ခုကို ပိုက်ဆံရရင်ပြီးရောဆိုတဲ့’’ စိတ်တစ်ခုနဲ့ လက်ခံနေကြတာကိုလည်း တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တွေ့ကြုံနေကြရတဲ့ စီးပွားရေးသမား၊ပိုက်ဆံ- Cele(နာမည်ကြီးမှု)တို့ရဲ့ Business Circle  ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ နစ်နာသူကတော့ ဝယ်ယူသူတွေဘဲ ဖြစ်ပါတယ်။

နာမည်ရ/နာမည်ကြီး(Cele)တစ်ယောက်ဟာ သူ့ကိုအလုပ်တစ်ခုလာအပ်တာနဲ့ အဲ့ဒီအလုပ်ရဲ့အကြောင်း၊အာမခံချက်၊ခိုင်လုံမှုရှိမရှိ၊ဥပဒေကြောင်းအရလွတ်ကင်းရဲ့လားဆိုတာတွေထက် အလုပ်အပ်တဲ့လုပ်ငန်းရှင်တွေဘက်က ပေးတဲ့ စာရွက်ပေါ်က Scriptတစ်ခုကိုသာ အလွတ်ကျက်ကာ Onlineပေါ်ကနေ Liveလွင့်ပြီး လက်တန်းပြောဆိုရောင်းချနေတာပါ။

အထူးသဖြင့်ပိုင်ဆိုင်မှု၊ခိုင်မာမှု၊တရားဝင်ဖြစ်တည်မှုအစရှိတဲ့ရှုပ်ထွေးပွေလီတဲ့မြေကွက်တွေကိုLive Sale ဝင်ရောင်းနေကြတာပါ။ဒီအရာတွေဘယ်လောက်ထိယုံကြည်မှုရှိမလဲ။ဒါတွေက ယုံကြည်လို့ရတဲ့အရာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း ဒီအပေါ်မှာ အမှန်တကယ် သိရှိနားလည်ပြီး ယုံကြည်စိတ်ချရလို့ ရောင်းနေတဲ့အရာလည်း မဟုတ်သလို တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိကြပါဘူး။ သူတို့အနေနဲ့က Liveလွင့်ရောင်းပြီးတာနဲ့ သူတို့အလုပ်ဟာ အဲ့နေရာမှာဘဲ တာဝန်ပြီးသွားပါပြီ။

ဒီလို ရောင်းချနေကြမှုတွေထဲမှာ ပိုဆိုးတာက တရားမဝင်မြေကွက်တွေကို အကွက်ရိုက်ရောင်းချ နေကြတာဟာ တော်တော်ကို ခေတ်စားနေတဲ့ Businessတစ်ခု ဖြစ်နေတာပါ။ ဒါတွေကို နာမည်ရ/နာမည်ကြီး(Cele)တွေဟာ ခုနပြောသလို လုပ်ငန်းရှင်တွေရဲ့ Scriptတစ်ခုကို ဖတ်ထားတဲ့ အသိတစ်ခုနဲ့သာ အလုပ်လက်ခံပြီး Liveလွင့်ရောင်းချနေကြတာတွေပဲဖြစ်ပါတယ်။

စီးပွားရေးသမားတချို့ရဲ့ နာမည်ရ/နာမည်ကြီး(Cele)တချို့ကို အသုံးချမှုဟာ တော်တော်ကို ထိရောက်တယ်ဘဲ ပြောရမလား? ဒါမှမဟုတ် နာမည်ရ/နာမည်ကြီး (Cele)တချို့ကို ချစ်ခင်စိတ်၊ ယုံကြည်စိတ်နဲ့ ဝယ်ယူကြတဲ့သူတွေကဘဲ စဉ်းစားမှု အားနည်းတာလား? ဒီနေရာမှာတော့ အရေးအကြီးဆုံးက နာမည်ကြီးCeleတွေပါဘဲ။ မိမိနာမည်ရမှု နာမည်ကြီးမှုအပေါ်မှာ မိမိ မကျွမ်းကျင်တဲ့အလုပ်တခုကို လက်မခံ သင့်ဘူးလို့ မြင်ပါတယ်။

အိမ်ခြံမြေဆိုတဲ့လောကဟာ အလွန်ရှုပ်ထွေးလွန်း ပါတယ်။ မြေအမျိုးအစား အများကြီးရှိတဲ့အထဲမှာ မိမိတို့ရောင်းချတဲ့မြေဟာ ဘာမြေအမျိုးအစားလဲ? ခိုင်မာမှုရှိရဲ့လား? ဆိုတာတောင် မသိဘဲ ပိုက်ဆံရမှုတခုနဲ့ဘဲ မိမိတို့ကို အားပေးနေတဲ့ ပရိတ်သတ်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ခိုင်မာမှုမရှိတဲ့မြေကွက်တွေကို မရောင်းချသင့်ပါဘူး။

ခိုင်မာမှုမရှိတဲ့မြေကွက်တွေဆိုတာ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချတာကို ဆိုလိုတာပါ။ လယ်ယာမြေဆိုတာ လူနေအိမ်ဆောက်လုပ်ခွင့်မရှိသလို လူနေထိုင်ခွင့်လည်းမရှိပါဘူး။ ပိုဆိုးတာက လယ်ယာမြေမှာ ဆန် စပါးဆိုတာထက် တခြားသီးပင်စားပင်တောင် စိုက်ခွင့်မရှိပါဘူး။ ဒီလို လယ်ယာမြေမှာ လယ်မစိုက်ဘူးဆိုရင် သက်ဆိုင်ရာဌာနတွေမှာ အခြားနည်းသုံးစွဲခွင့် လျှောက်ကြရပါတယ်။ အခြားနည်းသုံးစွဲခွင့် ရမှသာ လူနေအိမ်ဆောက်လုပ်လို့ရမှာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားနည်းသုံးစွဲခွင့် ကျဖို့ဆိုတာ အလွန်ကြာပါတယ်။အဆင့်တွေများပါတယ်။ ဒီလိုအခြေအနေမှာ အခြားနည်းသုံးစွဲခွင့်  မကျဘဲ အကွက်ရိုက်ရောင်းချနေကြတာဟာ တရားမဝင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် ဝယ်ယူမိသူတွေဟာ ငွေကြေးဆုံးရှုံးတဲ့ နစ်နာမှုတွေသာ ရရှိပါလိမ့်မယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ အိမ်ခြံမြေကို အရောင်းအဝယ်လုပ်နေကြတဲ့ အကျိုးဆောင်တွေအတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ အသင်းဝင်ကာ အသင်းကပြုလုပ်တဲ့ ငွေကြေးခဝါချမှုသင်တန်း၊အိမ်ခြံမြေသင်တန်းအစရှိတဲ့သင်တန်းတွေတက်ရောက်ရပါတယ်။သင်တန်းတွေကို တက်ရောက်ပြီးမှသာ အကျိုးဆောင်လိုင်စင်လျှောက်ထားနိုင်ပြီး လုပ်ကိုင်နိုင်ကြတာဖြစ်ပါတယ်။

ဒီလို စည်းမျဉ်းစည်းကမ်းများနဲ့အတူ ရောင်းမှားဝယ်မှားမဖြစ်ကြရအောင် လုပ်ဆောင်နေကြတဲ့အချိန်မှာ တဖက်က ပရိတ်သတ်ရဲ့ ချစ်ခင်ယုံကြည်မှုကို လှည့်စားပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နာမည်ရ/နာမည်ကြီး(Cele)တွေဟာ ခိုင်မာမှုမရှိတဲ့ မြေကွက်တွေကို ရောင်းချနေကြတာဟာ လုံးဝကိုမဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။

ဒါကြောင့်မိမိရဲ့ချွေးနည်းစာနဲ့ဝယ်ယူထားတဲ့မြေကွက်တွေ၊နေအိမ်တွေကို ရောင်းမှား၊ဝယ်မှားတစ်ခုကြောင့်မဆုံးရှုံး မနစ်နာစေရအောင်ခိုင်မာတဲ့မြေကွက်တစ်ခုဖြစ်ဖို့ သေသေချာချာလေ့လာပြီးမှဝယ်ယူသင့်ပါတယ်။

 

#Cele(ဆယ်လီ)များ နှင့်မြေကွက်အရှုပ်အရှင်း

#ရောင်းမှားဝယ်မှားပြဿနာ