Home  / News  / News Details

新闻详情

ငလျင်ကြီးအလွန် ရန်ကုန် အိမ်ခြံမြေနှင့် ကွန်ဒို၊ တိုက်ခန်းများ ငှားရမ်းမှုနှင့် ရောင်းဝယ်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေသော်လည်း ပုံမှန်အတိုင်း လည်ပတ်နေ

Oct 24, 2025  /

ငလျင်ကြီးအလွန် ရန်ကုန် အိမ်ခြံမြေနှင့် ကွန်ဒို၊ တိုက်ခန်းများ ငှားရမ်းမှုနှင့် ရောင်းဝယ်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေသော်လည်း ပုံမှန်အတိုင်း လည်ပတ်နေ

အောက်တိုဘာ ( ၂၆ )

Myanmar Property Dealer

 

 

ငလျင်ကြီးအလွန် ရန်ကုန် အိမ်ခြံမြေနှင့် ကွန်ဒို၊ တိုက်ခန်းများ ငှားရမ်းနေထိုင်မှုနဲ့ အရောင်းအဝယ် ဈေးကွက်များ ပုံမှန်အတိုင်း လည်ပတ်မှုရှိနေပြီး ဈေးနှုန်းများမှာတော့ အနည်းငယ် မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံကနေ သိရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်အတွင်း ယမန်နှစ် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဈေးနှုန်းနှင့် အရောင်းအဝယ် အသင့်အတင့် မြင့်မားတိုးတက်ခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းတွင် လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အရောင်းအဝယ် ဈေးကွက်ပြန်လည် ကျဆင်းခဲ့ရပြီး လက်ရှိတွင် ပုံမှန်အနေအထားသာရှိနေပြီး ရွှေဈေး၊ ငွေဈေးပေါ်မူတည်ကာ အိမ်ခြံမြေ၊ ကွန်ဒိုနှင့်တိုက်ခန်း အရောင်းအဝယ်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့စွန် မြို့နယ်များရှိ မြေကွက်ဈေးနှုန်းများမှာလည်း ပေ ၄၀ x ၆၀ မြေကွက် တစ်ကွက်ကို ငွေကျပ် သိန်း ၇၀၀ နှင့် သိန်း ၈၀၀ အထိ မြင့်တက်မှုရှိနေကာ အရောင်းအဝယ်ရှိနေကြောင်း၊ မြို့ပေါ် တိုက်ခန်းနှင့် ကွန်ဒိုဈေးကွက်များတွင်လည်း ကျပ်သိန်း ၃၀၀၀ ကနေ ကျပ်သိန်း ၅၀၀၀ ဝန်းကျင် တန်ဖိုးရှိ အလွှာနိမ့် တိုက်ခန်းများနဲ့ ကွန်ဒိုအမျိုးအစားတွေ၊ ကျပ်သိန်း တစ်သောင်းအထက် မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် အရောင်းအဝယ်အကောင်းဆုံးဒေသများအနေဖြင့် မြောက်ဒဂုံ၊ တောင်ဒဂုံစတဲ့ မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံဝယ်ယူမှုများသာ များပြားကြောင်းလည်း သိရပါတယ်။

ဆက်လက်ပြီး ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်သူများလာတဲ့အတွက် လုံးချင်းအိမ်၊ တိုက်ခန်း၊ အဆောင် အစရှိသဖြင့် ငှားရမ်းခနှုန်းထားတွေမှာလည်း ယခင် ၂၀၂၄ ခုနှစ်ကထက် အနည်းငယ်မြင့်မားလာကြောင်း၊ ပြောင်းရွှေ့နေထိုင်မှုများအရ အငှားဈေးကွက်အတွင်း ကျပ် ၁၀ သိန်းအောက် တိုက်ခန်းတွေကိုသာ အများဆုံးငှားရမ်းမှုတွေရှိနေကြောင်းနှင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီနှင့် သန်လျင် စတဲ့ မြို့နယ်များမှာ လုံးချင်းအိမ်နှင့် အဆောင် ငှားရမ်းမှုများမြင့်မားနေပြီး ငှားရမ်းခနှုန်းများမှာလည်း ငွေကျပ် သိန်းခွဲကနေ သိန်းခွဲ အထိရှိနေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 ယင်းကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်အနေဖြင့် အရောင်းအဝယ်ပုံမှန်အနေအထားတွင်ရှိနေသလို ငှားရမ်းမှုများလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ် ။