တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရောင်းချငှားရမ်းရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု ခွင့်ပြု၊ အလုပ်အကိုင် ၃,၃၀၀ ကျော် ဖန်တီးနိုင်မည်
ဩဂုတ် (၁၅)
Myanmar Property Dealer
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ဩဂုတ်လ၁၄ ရက်နေ့ က နေပြည်တော်မှာ ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြုပေးလိုက်ပါတယ်။
ဒီလုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ၃,၃၃၆ ခု ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်း နဲ့ မြန်မာကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်း ရှိပါတယ်။
ခွင့်ပြုလိုက်တဲ့လုပ်ငန်းတွေထဲမှာ စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရောင်းချငှားရမ်းရေး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေးနဲ့ လျှပ်စစ်သုံးသုံးဘီးယာဉ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ဆောင်မှု၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး၊ ပလတ်စတစ်ပစ္စည်းထုတ်လုပ်ရေး၊ ဖိနပ်ထုတ်လုပ်ရေးနဲ့ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
အခုအစည်းအဝေးမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခု အပါအဝင် လက်ရှိလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်မှုတွေကိုလည်း စိစစ်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့ နိုင်ငံနဲ့ဒေသတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ဟောင်ကောင် တို့ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍတွေကို ကြည့်မယ်ဆိုရင် လျှပ်စစ်ဓာတ်အားကဏ္ဍ ၂၈ ဒသမ ၀၆ ရာခိုင်နှုန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ၂၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ ၁၅ ဒသမ ၄၇ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အဆိုပြုချက်တွေကို စိစစ်ခွင့်ပြုပေးတာနဲ့ လက်ရှိရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ဆက်လက်ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။