Home  / News  / News Details

新闻详情

၂၀၂၆ အာရှ-ပစိဖိတ် အိမ်ခြံမြေညီလာခံနဲ့ ဆုပေးပွဲခမ်းအနား ကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှကိုယ်စားလှယ်များတက်ရောက်

May 20, 2026  /

၂၀၂၆ အာရှ-ပစိဖိတ် အိမ်ခြံမြေညီလာခံနဲ့ ဆုပေးပွဲခမ်းအနား ကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှကိုယ်စားလှယ်များတက်ရောက်
မေ(၂၀)
Myanmar Property Dealer
ထိုင်းနိင်ငံ ၊ဘန်ကောက်မြို့ မှာကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် (FIABCI) ၏ ဦးဆောင်မှုဖြင့် FIABCI Thailand မှ စီစဉ်ကျင်းပနေတဲ့ အိမ်ခြံမြေဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်နေ့မှ၁၇ ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Sheraton Hotelတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
နိုင်ငံတကာ အိမ်ခြံမြေလောကမှာ တကယ့်ကို အထင်ကရဖြစ်တဲ့ ဒီလိုဆွေးနွေးပွဲကြီးကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ဉက္ကဌဖြစ်သူ ဒေါ်မို့မို့အောင် ကိုယ်တိုင်ဦးဆောင်ပြီး ဗဟိုကော်မတီဝင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဌ ဒေါ်မို့မို့အောင်က မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွာခြားချက်များကို Panelist အဖြစ် ပါဝင်ဆွေးနွေးကာ Panel Discussion ကို ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။
ယခုကျင်းပတဲ့ အိမ်ခြံမြေဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အာရှ-ပစိဖိတ်ဒေသတွင်းက အိမ်ခြံမြေထိပ်သီးတွေ၊ ပညာရှင်တွေ စုံစုံလင်လင် တက်ရောက်တဲ့ပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဒီညီလာခံကို တက်ရောက်တာ အခုဆိုရင် ဒုတိယအကြိမ်မြောက် ရှိပြီလည်း ဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း မှာ ဒေသတွင်း အိမ်ခြံမြေကဏ္ဍ တိုးတက်ဖို့၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ အနာဂတ်နည်းပညာတွေအကြောင်းကို ပညာရှင်တွေက စကားဝိုင်းတွေလုပ်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးနေကြပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ အကောင်းဆုံး အိမ်ခြံမြေစီမံကိန်းတွေကို ရွေးချယ်ပြီး ဆု ပေးအပ်ချီးမြှင့်မှာဖြစ်ပြီးလုပ်ငန်းကွန်ရက် ချိတ်ဆက်ဖို့အတွက်ရော၊ ဒေသတွင်းစီးပွားရေးအတွက်ပါ တကယ့်ကို အရေးပါပြီး အကျိုးရှိမယ့် ဆွေးနွေးပွဲကြီး ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါပွဲတွင် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် အသစ်ရွေးချယ်ခံထားရတဲ့ Ms. Lily Wong အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက၊ ကနေဒါ၊ ရုရှား၊ အီတလီ အစရှိတဲ့ နိုင်ငံအသီးသီးမှ အိမ်ခြံမြေဆိုင်ရာ ပညာရှင်များ၊ အကဲဖြတ်များ၊ အတိုင်ပင်ခံများနှင့် အကျိုးဆောင်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။