ခြံအမှတ် (၅၄) ၏ မြေတဝက် ယူမည်ဟု ဦးအောင်ဆန်းဦး ထပ်မံတင်ပြ
ဇူလိုင် (၂၉)ရက်။
Myanmar Property Dealer
လေလံတင်ရောင်းချခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး မြေတဝက်ကို ရယူလိုကြောင်း ဦးအောင်ဆန်းဦးက ဇူလိုင် ၂၄ ရက်က ကမာရွတ်ခရိုင်တရားရုံးကို ထပ်မံတင်ပြထားတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နောက်ရုံးချိန်းကို လာမယ့် ဇူလိုင်လကုန် ထပ်မံချိန်းဆိုထားပါတယ်။ ခြံအမှတ် (၅၄) ကိုလေးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့တဲ့နောက် ဦးအောင်ဆန်းဦးက အဆိုပါ ခြံရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မပါဝင်တဲ့ မြေတဝက်ကို အရင်ခွဲရောင်းရန် ပြီးခဲ့တဲ့ မေလက တရားရုံးကိုတင်ပြခဲ့ဖူပါတယ်။
ခြံအမှတ် (၅၄) အမွေဆိုင်အမှုနဲ့ပတ်သက်ပြီး အဆိုပါခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်မှာ အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးက ခြံဝန်းတခုလုံးအား လေလံပစ်ပြီးရရှိတဲ့ တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ရာ ပယ်ချခံခဲ့ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးရဲ့ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အဆိုပါခြံကို ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၂၉၇ ဘီလီယံနဲ့ စတုတ္ထအကြိမ် ကျပ် ၂၇၀ ဘီလီယံတို့ဖြင့် လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။