နေပြည်တော် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးသော်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ
ဖေဖော်ဝါရီ - ၂၁ ရက်။
နေပြည်တော်တွင် လက်ရှိကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ်မှာ ယခင်နှစ်များကထက် သိသိသာသာ အေးစက်နေသော်လည်း မြေကွက်နှင့် အိမ်ခြံမြေဈေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ဆက်လက် မြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များနှင့် ဒေသခံများထံမှ သိရပါတယ်။
‘’ ဒီရက်ပိုင်းမှာ အိမ်ခြံမြေ ဈေးနှုန်းတွေ သိသိသာသာမြင့်တက်လာတာတွေ့ရပါတယ်။ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့မြေကွက် ဈေးနှုန်းတွေဟာအခြား မြို့နယ်တွေထက် ပိုပြီး ဈေးတက်သွားတယ်။အခြားမြို့နယ်တွေမှာလည်း အသီးသီး ဈေးနှုန်း မြင့်တက်နေကြပေမယ့်၊ပုဗ္ဗသီရိမြို့နယ်(အရပ်) မှာ အရောင်း မရှိသလောက် ဖြစ်သွားတာ တွေ့ရပါတယ်။ကညန အနီး နှင့်- ဧရာဝတီလမ်း- စစ်တောင်းလမ်း-ရွှေလီလမ်း-ဇော်ဂျီလမ်း- ချယ်ရီ-စွယ်တော် ယုဇန လမ်း တွေမှာ အရောင်း ရှားပါတယ်။ရှိရင်လည်း ဈေး မြင့်ပါတယ်။’’ဟု နေပြည်တော်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြာပါတယ်။
ဒါ့အပြင် ရွှေကြာပင်-သပြေကုန်း - သာယာကုန်း- ဇမ္ဗူသီရိအတွင်းအိမ်ခြံမြေဈေးကွက်မှာဆိုရင်လည်း ဈေးတက်အားကောင်းနေပြီး၊ရွှေကြာပင်ရပ်ကွက်အတွင်း ၆၀ပတ်လည်အနည်းဆုံးဈေးနှုန်းမှာ သိန်း ၄၀၀၀ ၄၅၀၀ နှင့် အထက် မှာရှိနေပြီး သပြေကုန်း ရပ်ကွက်အတွင်း ရှိ ပေ၆၀ ပတ်လည် ဈေးနှုန်းမှာ သိန်း ၁၀၀၀၀ နှင့်အထက်ရှိနေပြီးပေ၁၀၀ ပတ်လည်မှာ သိန်း ၁၅၀၀၀ ခန့်ရှိနေတယ်လို့သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းအိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာရခြင်းမှာ အနယ်နယ်အရပ်ရပ်ရှိ စစ်ဘေးရှောင်များ နှင့် ငလျှင်ဘေးဒဏ်သင့်ပြည်သူများရွှေ့ပြောင်းနေထိုင်လာခြင်းကြောင့်ဖြစ်တယ်လို့ လည်းသိရပါတယ်။