ဒေါ်လာဂယက်ကြောင့် ကဏ္ဍအသီးသီးဈေးတက်နေသော်လည်း ကွန်ဒိုအခန်းဈေးနှုန်းငြိမ်ပြီး တန်နေသဖြင့် အရောင်းအဝယ်ဖြစ်ထွန်းနေ
ဇူလိုင်(၂၄)ရက်
မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်းမြင့်တက်နေသည့်အတွက် စီးပွား ရေးလုပ်ငန်းရှင်များက ခိုင်မာမှုရှိသည့်အိမ်ခြံမြေနှင့်ကွန်ဒိုအခန်းများကိုဝယ်ယူနေကြပြီး၊လက်ရှိ ကွန်ဒိုဈေးနှုန်းများသည် ဝယ်ယူသည့်သူများအတွက် အတန်ဆုံးဈေးနှုန်းများဖြစ်နေသည် ဟုသိရသည်။
“ လက်ရှိကွန်ဒိုပေါက်ဈေးတွေက အပြင်မှာတစ်ဒေါ်လာပေါက်ဈေး ၂၀၀၀ ဖြစ်နေတဲ့အချိန်မှာ လည်း သိန်းနှစ်ထောင်ဆိုပါစို့။ အခုဒေါ်လာပေါက်ဈေး ၂၃၀၀ ဝန်းကျင်ဖြစ်နေတဲ့အချိန်မှာ လည်းကွန်ဒို ဈေးနှုန်းတွေ သိန်းနှစ်ထောင်က သိန်းနှစ်ထောင်ပဲ။ဈေးလိုက်တက်တာတွေဘာတွေမရှိဘူး။ ဗဟိုဘဏ်ဈေးနှုန်းနဲ့ဆိုရင်တော်တော်ဈေးက ဟ သွားပြီ။ ဒီတော့အခုချိန်မှာ ကွန်ဒိုတွေဝယ်တဲ့သူတွေက အတန်ဆုံးဖြစ်နေတယ်’’ ဟုဆောက်လုပ်ရေးမန်နေဂျာ တစ်ဦးထံမှ သိရသည်။
‘’အခုလိုဝါတွင်းကာလကြီးထဲမှာတောင် ကွန်ဒိုတိုက်ခန်းတွေအလုပ်ဖြစ်နေတယ်။ အရောင်း အဝယ်ဖြစ်နေတယ်ဆိုတာက ဒေါ်လာဈေးတွေကြောင့်ပဲ။ လက်ထဲငွေရှိတဲ့သူတွေက သိန်း ၂၀၀၀ တန်ကွန်ဒိုတစ်လုံးကို ဝယ်လိုက်တယ်။ ပြီးရင် နည်းနည်းပါးပါးပြန်လည်မွမ်းမံပြီး သိန်း ၂၅၀၀ လောက်နဲ့ဈေးတင်ပြီး ပြန်ထုတ်ရောင်းတယ်။ တစ်ဖက်ကလည်း လိုအပ်ချက်ကြောင့်ဝယ်လိုက်တဲ့သူတွေရှိသလို လက်ထဲမှာငွေသား မထားချင်လို့ဝယ်ကြတဲ့သူတွေလည်းရှိကြတယ်’’ဟု အဆိုပါဆောက်လုပ်ရေးမန်နေဂျာမှ ဆက် ပြောသည်။
လက်ရှိတွင် ရင်းနှီးမြုပ်နှံမှုကဏ္ဍစုံ၏ဈေးကွက်ထဲ၌ ငွေဖြစ်လွယ်မှုအမြန်ဆုံးဖြစ်သည့် ရွှေနှင့်အိမ်၊ခြံ၊မြေနှင့်ကွန်ဒိုများကိုဝယ်ယူနေကြပြီး၊ အရေးပေါ်ငွေလိုအပ်ပါကလည်း ချက်ခြင်းငွေသားအဖြစ် အမြန်ဆုံးပြောင်းလဲလည်နိုင်သည့်လုပ်ငန်းမျိုးဖြစ်သည်ဟုလည်း သိရသည်။