ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက် စတင်အကောင်အထည်ဖော်မည်
ဧပြီလ (၂၂)ရက်။
Myanmar Property Dealer
ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ရည်ရွယ်ကာ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို စတင်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအသီးသီးမှထုတ်ပြန်ထားရှိပါတယ်။
ပြည်သူလူထု လက်ငင်းအကျိုးခံစားရမယ့် လိုအပ်ချက် လုပ်ငန်း ၃ ခုကို ရက်တစ်ရာအတွင်းအကောင်အထည်ဖော်မယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ကရင်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ Facebook လူမှုကွန်ယက်ကနေ ထုတ်ပြန်ကြေညာထားရှိပြီးအဆိုပါထုတ်ပြန်ချက်များအားလုံးသည် ဧပြီ ၂၀ ရက်တွင်စတင်အသက်ဝင်မှာလည်းဖြစ်ပါတယ်။
အဆိုပါ စီမံချက်အတွင်း ပြည်သူလူထုနှင့် နီးစပ်သက်ဆိုင်တဲ့မြေယာနှင့် ဆက်စပ်သော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) အသစ် လျှောက်ထားခြင်း၊ အမည်ပြောင်းလဲခြင်းတို့ကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးသွားမှာဖြစ်
တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ရသင့်ရထိုက်သော မြေငှားဂရန်များ ထုတ်ပေးခြင်းနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်မှုမြေငှားဂရန်များကိုလည်း စနစ်တကျ စိစစ်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အထူးသဖြင့်အိမ်ထောင်စုဇယား ပုံစံ(၁၀)နဲ့ နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ်မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရိုက်ကူးပေး ခြင်းနဲ့ E – ID Server ရှိအိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ် ပေးခြင်းပြင်ဆင်ပေးခြင်းတို့ပါဝင်ပါတယ်။
အစိုးရအနေဖြင့် အဆိုပါ ရက် (၁၀၀) စီမံချက်မှတစ်ဆင့် ပြည်သူများ၏ လက်တွေ့ဘဝလိုအပ်ချက်များကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါတယ်။