ရွှေ့ပြောင်းသူများပြားလာခြင်းကြောင့် ရန်ကုန်တွင် အငှားဈေးကွက်ပိုဖြစ်နေဟုဆို
ဇွန်လ (၂၅)ရက်။
Myanmar Property Dealer
လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း နယ်မြို့များမှ ရွှေ့ပြောင်းသူများပြားလာတာကြောင့် အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
ချင်းပြည်နယ်၊ရခိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသတွင်းတည်ငြိမ်မှုမရှိတဲ့ နယ်မြေများက ငွေကြေးတတ်နိုင်တဲ့သူများက တိုက်ပွဲရှောင်တဲ့အနေဖြင့်ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ကြီးများဆီ လာရောက်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံချင်းအိမ်များ ငှားရမ်း နေထိုင်လာကြတဲ့အတွက် လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားများနေကြောင်း သိရပါတယ်။
“အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့ အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ အခု ကာလက အိမ်ခြံမြေစျေးကလည်း အမြင့်ပိုင်းရောက်နေတာဆိုတော့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးလည်း ပါတယ်။ ပြီးတော့ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်တွေကြောင့်လည်း အရောင်းထက် အငှားဈေးကွက်က ပိုဖြစ်နေတာပေါ့။ နောက်တချက်က နယ်ကနေ စစ်ရှောင်ရင်းနဲ့မှ ရောက်လာတဲ့သူတွေကလည်း ရှိနေတော့ ဒီဈေးကွက်က ပိုပြီး သွက်နေတာပေါ့"ဟု အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိတွင် တိုက်ခန်းငှားရမ်းခများစျေးနှုန်းများကလည်း မြင့်တက်နေပြီး ကြိုတင်ငွေချေ ငှားရမ်းမှုများလည်း ရှိနေတယ်လို့ သိရပြီး၊အကျိုးဆောင်များရဲ့ အဆိုအရ တစ်လလျှင် ကျပ်နှစ်သိန်းမှ ငါးသိန်းကြား ပေါက်ဈေးရှိကြောင်း သိရပါတယ်။ (မိုးမိုး)