Home  / News  / News Details

新闻详情

‘’ လယ်မြေ၊ကျူးကျော်အိမ်များနှင့်ရောင်းမှားဝယ်မှားပြဿနာ ‘’

Dec 1, 2022  /



Myanmar Property Dealer

ဒီဇင်ဘာ (၁)ရက် ။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျူးကျော်နေအိမ်များကိုအကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ ကနေ နို့တစ်စာပေးပို့ပြီးဖျက်ခိုင်းနေတဲ့စာတွေ၊ဖျက်သိမ်းနေတဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းစွာ တွေ့ မြင်နေရပါတယ်။

အထူးသဖြင့် ရန်ကုန်၊မန္တလေးနှင့်ပြင်ဦးလွင်တို့လိုမြို့ကြီးပြကြီးတွေမှာ တွေ့မြင်နေရတာဖြစ်ပါတယ်။ ဖျက်သိမ်းခံလိုက်ရတဲ့အိမ်တော်တော်များကလည်း အိမ်ကြီးအိမ်ကောင်းတွေဖြစ်နေပြီး၊ သစ်တောမြေအတွင်း အိမ်ဆောက်နေထိုင်ခြင်း၊ တပ်ပိုင်နယ်မြေအတွင်း အိမ်ဆောက်နေထိုင်ခြင်းနှင့် အများဆုံးဖျက်သိမ်းခံရတဲ့ နေအိမ်များက လယ်မြေပေါ်တွင်အကွက်ရိုက် အိမ်ဆောက်နေ ထိုင်ခြင်းများကြောင့်ဖြစ်တာ ကိုတွေ့ ရှိရပါတယ်။

မန္တလေးတွင် နေအိမ်များဖျက်ခံရတဲ့အထဲပါဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပြီး၊ ပရဟိတ အလုပ်လုပ်ကိုင် နေတဲ့သူတစ်ဦးက လည်းကောင်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပုံနှင့်တကွတင်ထားသည့် စာသားလေး ကလည်း ‘’ မြို့ပြဧရိယာထဲ ပုံစံ 7 /105 ရှိလည်း လယ်မြေဖြစ်လို့ ဂရန် မရှိရင် အိမ်ဆောက်ခွင့်မရှိဘူး နော်။ အခြားနည်းလျှောက်ထားဆဲလည်း မကျသေးရင် အိမ်ဆောက်ခွင့်မရှိတဲ့။ သိကြဖို့ပါ။ ကိုယ်တွေကတော့ ဘဝနဲ့ ရင်း သိခဲ့ရပြီလေ။’’ဟုရေးသားထားတာလေးကိုတွေ့လိုက်ရပါတယ်။

လက်ရှိအချိန်တွင်တစ်နိုင်ငံလုံးအတိုင်းအတာအရ လယ်ယာမြေများကိုအကွက်ရိုက်ရောင်းချခြင်းဈေး ကွက်မှာ ခေတ်စားနေတာကိုလည်းတွေ့ရပါတယ်။ ဝယ်သူတွေအနေဖြင့်လည်း

ကျောတစ်နေရာစာအတွက် ဈေးပေါ်သည့်လယ်မြေများကိုဝယ်ယူကြတာကိုလည်းတွေ့ရပြီးရောင်းချသူများမှလည်း ပုံစံ(၇)၊ပုံစံ(၁၀၅) စလစ်နှင့်မိတ္တူများကိုအာမခံချက်ရှိသည့်အထောက်အထားဖြင့်ပြောဆိုရောင်းချနေတာကိုတွေ့ရပါတယ်။

တကယ်တော့ ပုံစံ-၇ လို့ အလွယ်ခေါ်ကြတဲ့ဟာက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (လယ်ယာမြေပုံစံ-၇)ပါ။၁၀၅/၁၀၆ ဆိုတာ မြေစာရင်းဌာနတွေမှာ အသုံးပြုတဲ့ မြေယာပုံစံ - ၁၀၅ ၊ မြေယာပုံစံ -၁၀၆ ကို ပြောတာပါ။

မြေယာပုံစံ-၁၀၅ ဆိုတာ အလွယ်ပြောရရင်ဦးပိုင်တခုရဲ့ မြေပုံကို ပြောတာဖြစ်ပြီးမြေယာပုံစံ-၁၀၆ ဆိုတာ ဦးပိုင်တခုရဲ့ မြေရာဇဝင်ကို ပြောတာဖြစ်ပါတယ်။ဒါကြောင့် ပုံစံ-၇ ဆိုတာ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်သာ ဖြစ်ပြီး လူနေထိုင်လို့ရတဲ့မြေမဟုတ်ပါဘူး ။စံ-၁၀၅/၁၀၆ ဆိုတာကလည်း မြေပုံ၊ မြေရာဇဝင်သက်သက်သာ ဖြစ်ပြီး ရေးကူးပေးထားတဲ့ အကြောင်းအရာ မှ အပမည်သည့် အရာမှ အာမခံချက်ပေးမထားပါဘူး။ ဒါတွေပါလို့ ခိုင်မာတယ် ၊ လူနေလို့ရတယ် ဆိုတာကလည်း မဟုတ်ပါဘူး။

ဒါနဲ့ပတ်သက်ပြီးမြေတိုင်းဦးစီးတစ်ယောက်ကလည်း ‘’ လယ်မြေတွေပေါ်မှာ ခွင့်ပြုချက် မရှိပဲနှင့်တော့ ဆောက်လို့မရဘူး၊ ခွင့်ပြုချက်တော့ ယူရမယ်။ ခွင့်ပြုချက်ဆိုတာမှာ အခြားနည်းအသုံးပြုခွင့်ဆိုပြီး လျောက်ရမှာ။အဲဒီမှာ မြေစာရင်းတစ်ခုတည်း မဟုတ်ဘူး၊ကော်မတီအများကြီးပါတယ်။ ဥက္ကဌ ကတော့ထွေ/အုပ်ပေါ့။လယ်/စီစစ်ဆေးအခြားနည်းအသုံးပြုခွင့်ရပြီးမှသာအိမ်ဆောက်ခွင့်ရှိတာ။လျောက်တဲ့အချိန်မှာလည်းဘာအတွက်လျောက်တာလဲဆိုတာပါရတယ်’’ဟုဆိုပါတယ်။   

ဥပဒေအရ ၊လယ်ယာမြေကို ရောင်းချ လို့မရပါဘူး။  လယ်ယာမြေကို ရောင်းလို့မရဘူးလို့ ပြောတာက လယ်ယာမြေ ကို ရောင်းလို့မရတာပါ။    ဒါပေမယ့် လယ်ယာမြေ လုပ်ပိုင်ခွင့် ကို လက်ရှိထားပိုင်ခွင့်  လယ်ယာမြေ လုပ်ပိုင်ခွင့် ရှိသလို ယင်းလယ်ယာမြေကို အမွေဆက်ခံလို့လဲ ရပါတယ် ။ပြီးတော့ လယ်ယာမြေ  လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း  ပေါင်နှံခြင်း  ငှားရမ်းခြင်း  လဲလှယ်ခြင်း ပေးကမ်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။  မြို့နယ်ဆိုရင်  မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်ထားတဲ့  တံဆိပ်ခေါင်းခွန်  နဲ့ စာချုပ်စာတမ်းလုပ်ပြီး မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်မှ တရားဝင်ပါတယ်။ နောက်တစ်ပိုင်းက လယ်ယာမြေ ကို  သက်ဆိုင်ရာက ခွင့်ပြုချက် (အခြားနည်းဖြင့် အသုံးပြုရန်)မရဘဲ  လုံးဝ လူနေအိမ်အဆောက်အဦ ဘာညာလည်းလုပ်လို့မရပါဘူး။ဒါ့အပြင် မူလစိုက်ပျိုးနေတဲ့ရာသီ သီးနှံကနေ အခြားအမျိုးအစားကိုတောင် စိုက်မယ်ဆိုရင် ခွင့်ပြုချက်တောင်းရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။



လယ်ယာမြေ အမျိုးအစားတွေထဲမှာ လယ်မြေ၊ယာမြေ၊ကိုင်း/ကျွန်းမြေ၊ဥယျာဥ်မြေ၊ဓနိမြေ ၊တောင်ယာမြေတွေပါဝင်ပါတယ်။ အဲဒီမြေအမျိုးအစားတွေကို တစ်ခုချင်းစီအလိုက် အနက်အဓိပ္ပာယ်ဖွင့်ထား တဲ့အတွက် ခြုံပြောရရင် မတူပါဘူး။    လယ်ယာမြေကိုအခြားနည်းဖြင့်လျှောက် ထားခြင်းဆိုတဲ့ကိစ္စမှာလည်း လယ်ယာ‌မြေဥပဒေပြဋ္ဌာန်းချက်မှာ ထူးခြားချက်က "အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံး လျှောက်ထား"  လို့ပါတာကြောင့် လယ်ယာမြေအားလုံးကို ပုံစံ(၁၄) အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားဖို့ က ရနိုင်မရနိုင် ဆိုတာမျိုးက စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ အများပြည်သူအကျိုးအတွက် လယ်ယာမြေကို အခြားနည်းနဲ့သုံးဖို့ လျှောက်မယ်ဆိုရင် လယ်မြေကလွှဲလို့ ကျန်တဲ့ မြေအမျိုးအစားတွေအတွက်က သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရက ယင်းအခြားနည်းဖြင့်အသုံးပြုရန်ကိစ္စကို သက်ဆိုင်ရာတိုင်း (သို့)ဒေသကြီး (သို့မဟုတ်) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထောက်ခံချက်ယူရပါတယ် ။

 လယ်‌မြေကို အခြားနည်းနဲ့သုံးဖို့လျှောက်မယ်ဆို၇င်တော့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာတိုင်းဒသကြီး သို့မဟုတ် ပြည်နယ် လယ်ယာစီမံခန့်ခွဲမှုအဖွဲ့ရဲ့ထောက်ခံချက်ယူရပါတယ်။ ဒါကြောင့်ပုံမှန်အားဖြင့် လူနေအိမ်ဆောက်လုပ်နေထိုင်ဖို့က လယ်ယာမြေအမျိုးအစားများမှာ ပုံစံ (၇) ရှိရုံနဲ့အဆင်မပြေပါဘူး။ ပုံစံ(၇) က လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံသာဖြစ်ပါတယ် ။

တစ်ချို့နေရာတွေမှာဆို ပုံံ စံ (၇) တောင်မရှိဘဲ ရောင်း/ဝယ်နေကြတာတွေ့ရပါတယ်။ဒါပေမဲ့လည်း လက်ရှိမှာတော့ တစ်နိုင်ငံလုံး လယ်မြေများကိုအကွက်ဖော်ရောင်းချခြင်း ၊ဈေးသက်သာ သဖြင့်ဝယ်ယူခြင်းများကြောင့် ရောင်းသူနဲ့ဝယ်သူနှစ်ဦးကြား နားလည်မှုများစွာနှင့်ရောင်း ချနေကြပြီး တကယ်တမ်း အစိုးရသက်ဆိုင်ရာဌာနများမှဖျက်သိမ်းတဲ့အခါမှာဝယ်ယူသူများကသာအများဆုံး ဆုံးရှုံးကြရတာပါ။

ဒါကြောင့်ရောင်းမှားဝယ်မှားမဖြစ်ရအောင်နှင့် ကိုယ်ဝယ်ယူထားတဲ့မြေအမျိုးအစားက ဘယ်လိုမြေအမျိုး အစားလဲ၊ အာမခံချက်ရှိရဲ့လား၊ဆိုတာသေသေချာချာလေ့လာပြီးမှဝယ်ယူသင့်ပါတယ်။