Home  / News  / News Details

新闻详情

မန္တလေးအိမ်ခြံမြေဈေးကွက် ဝယ်လိုအားထက် ရောင်းလိုအားများနေ

Jan 16, 2024  /

မန္တလေးအိမ်ခြံမြေဈေးကွက် ဝယ်လိုအားထက် ရောင်းလိုအားများနေ ဇန်နဝါရီ (၁၄) ရက် Myanmar Property Dealer မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းချလိုသူများနေခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းပါးနေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းသို့ လုပ်ငန်းကြီးသမားများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းနေဆဲဖြစ်သောကြောင့် အရောင်းအဝယ် အေးနေရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ “အရောင်းအဝယ်က မျှော်မှန်း ထားသလောက်တော့ ဖြစ်မလာသေးပါဘူး။ ရောင်းချင်တာတွေ များနေပြီး အဝယ်ကတော့ နည်းနေတာပေါ့"ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ တန်ဖိုးနည်းအကွက်ရိုက် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေပြီး မြို့တွင်းပိုင်း အကွက်များ အရောင်းအဝယ်မဖြစ်သလောက် အခြေအနေဟု လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ သို့သော်လည်း ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ငွေကျပ်သိန်း ၁,၀၀၀ အောက်ဈေးတန်း မြေကွက်များကို တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများက ဝယ်ယူမှုရှိနေပါတယ်။ ငွေကျပ်သိန်း ၁,ဝဝဝ အောက် မြေကွက်များကို ဝယ်ယူနေကြခြင်းမှာ ငွေသားကိုင်ဆောင်မထားလို ကြသူများ၊ တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများက ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေဈေးကွက်ကို ဦးလှည့် လာကြတာဖြစ်တယ်လို့သိရပါတယ်။ မြို့သစ်ပိုင်း (မြို့သစ် ၁၊ ၂ ၊ ၃၊ ၄၊ ၅) လမ်းမတန်းမြေကွက်များမှာ ကျပ်သိန်း ၂,၀၀၀ နှင့်အထက်၊ ကြားကွက်များမှာ ကျပ်သိန်း ၅၀၀ မှ သိန်း ၂,ဝဝဝ ခန့်၊ စက်မှုဇုန်နှင့် အနီးဝန်းကျင်ရပ်ကွက်များမှ လမ်းတင်မြေကွက်များမှာ ကျပ်သိန်း ၂,၅ဝဝ ခန့်နှင့် အထက်၊ ကြားကွက်များမှာ ကျပ်သိန်း ၇ဝဝ မှာ သိန်း ၂,ဝဝဝ ခန့် ပေါက်စျေးရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် အရှေ့ခြမ်းနှင့် ပုသိမ် ကြီးမြို့နယ်တွင် ကျပ်သိန်း ၅ဝဝ နှင့်အထက်၊ အမရပူရမြို့နယ် ရပ်ကွက်အတွင်းပိုင်းရှိ လမ်းတင် မြေကွက်များမှာ ကျပ်သိန်း ၈ဝဝ ခန့်နှင့်အထက်၊ ကြားကွက်များမှာ ကျပ်သိန်း ၃ဝဝ မှ သိန်း ၁ဝဝဝ ခန့်၊ လမ်းမတန်းကြီးများတွင် လမ်းတင်မြေကွက်များမှာ ကျပ်သိန်း ၁၅ဝဝ ခန့်နှင့်အထက်၊ ကြားကွက်များမှာ ကျပ်သိန်း ၇၀၀ မှ သိန်း ၂,ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။