ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်
ဇူလိုင် (၁၂)ရက်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) များ တင်သွင်းနိုင်ရန် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီက ဖိတ်ခေါ်ထားရှိပါတယ်။
အဆိုပါစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုးလမ်းမကြီး ၂၁ မိုင်အနီးရှိ မြေဧရိယာ စုစုပေါင်း ၂,၂၀၀ ဧကအနက် ၁,၄၀၀ ဧကကို အသုံးပြုပြီး Soft-based Industry အခြေခံတဲ့ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအဖြစ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
စိတ်ဝင်စားမှုအဆိုပြုလွှာပုံစံများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက် (သောကြာနေ့) မှ ဩဂုတ် ၁၀ ရက် (တနင်္လာနေ့) အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီး အဆိုပြုလွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။
အဆိုပြုလွှာပုံစံများကို ရုံးအမှတ် (၄၀)၊ နေပြည်တော်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ရယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း တယ်လီဖုန်းအမှတ် (၀၆၇-၃၄၀၇၃၁၁) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းသည် နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများနှင့် Soft-based Industry များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်တဲ့ စီမံကိန်းတစ်ရပ်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိတယ်လို့လည်း ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။