Home  / News  / News Details

新闻详情

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ထက် အငှား ရှာဖွေသူပိုများနေ

Oct 23, 2026  /



ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ထက် အငှား ရှာဖွေသူပိုများနေ 

အောက်တိုဘာ (၂၃)ရက်။

Myanmar Property Dealer

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝါကျွတ်ကာလနီးလာလို့ အိမ်အရောင်းအဝယ်တွေထက် အိမ်အငှား ပိုရှာဖွေသူများနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ 

အခုနှစ် ဝါတွင်းကာလမှာ မြန်မာတို့ရဲ့ဓလေ့ထုံးတမ်းအရ အိမ်အပြောင်းအရွှေ့ မပြုတာကြောင့် အငှားဈေးကွက်ထက် အရောင်းအဝယ်ဈေးကွက်မှာ ပိုမိုကောင်းမွန်ခဲ့ပြီး လက်ရှိဝါကျွတ် သီတင်းကျွတ်ခါနီးကာလမှာတော့ အရောင်းထက်အငှားပိုဖြစ်နေတယ်လို့ ဆိုပါတယ်။

 “ ဝါတွင်းမှာကတော့ အိမ်ပြောင်းတဲ့ အယူက မရှိဘူးလေ။ ဒါပေမယ့် ပြောင်းကြတာပဲ။ ဝါကျွတ်တော့ နယ်က လူတွေ ရန်ကုန်ကို ဝင်လာပြီလေ။ အဲဒီတော့ အငှားဈေးကွက် လှုပ်လာတယ်။ အဝယ်ကတော့ နည်းနည်း အေးတယ်။ ဝါတွင်းကာလမှာ အိမ်ခြံမြေအရောင်းဈေးကွက်က အရောင်းအဝယ်ရှိသင့်သလောက် ရှိတယ်။ အခုသီတင်းကျွတ်ခါနီးကာလမှာတော့ အရောင်းထက်ကို အငှားတွေ ပိုဖြစ်နေကြတယ်။ အိမ်အပြောင်းအရွေ့တွေလည်း လုပ်ကြပြီလေ။ တချို့ဆို သီတင်းကျွတ်လ မရောက်ခင်ကတည်းက ကြိုပြီးတော့ငှားထားကြတာတွေတောင်အများကြီးပေါ့နော်။ သီတင်းကျွတ်တာနဲ့ပြောင်းဖို့ကြိုငှားကြတာပေါ့။ အဲ့ဒီတော့ လက်ရှိအငှားကတော့ ပိုဖြစ်နေတယ်လို့ ပြောရမှာပေါ့ ” လို့ ဒဂုံမြို့သစ် မြို့နယ်က အိမ်ခြံမြေအကျိုးဆောင် မမိုးက ပြောပါတယ်။ 

အိမ်အငှားဈေးကွက်မှာ အရင်ထက်ပိုဖြစ်နေသလို အရောင်းဈေးကွက်မှာလည်း ရန်ကုန်မြို့လယ်ရှိ မြို့နယ်များထက် မြို့သစ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းစတဲ့နေရာများနဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မှော်ဘီ၊ လှည်းကူးစတဲ့ မြို့နယ်တွေမှာ အရောင်း အဝယ်အများဆုံးဖြစ်နေကြောင်း သိရပါတယ်။

 "အခုက အိမ်အငှားဈေးတွေကလည်း အတော်တက်ပါတယ်။ တိုက်ခန်းလို နေရာတွေဆို အနည်းဆုံး ၄ သိန်းကနေ ဆယ်ဂဏန်းအထိ အငှားဈေးရှိတယ်။ မြို့သစ်မြို့နယ်တွေမှာ ခြံဝန်းနဲ့ နေချင်ရင်တော့ အနည်းဆုံး ၆ သိန်းလောက်ကနေ ၁၅ သိန်းအထိ အငှားဈေး ခေါ်နေကြတယ်။ ဒီခေတ်ထဲ ရန်ကုန်မှာ ၁ သိန်းခွဲ၊ ၂ သိန်းလောက်က အခန်းတွဲအဆောင်လို အိမ်ခန်းလေးတွေပဲ ရှိတော့တယ်" လို့ မရမ်းကုန်းမြို့နယ်က အိမ်ခြံမြေပွဲစား တစ်ယောက်က ပြောပြပါတယ်။ 

အိမ်ခြံမြေဈေးကွက် အနေအထားဟာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာမှုတွေကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပါးကာ လူတိုင်းလက်လှမ်း မမှီနိုင်တော့တဲ့ အိမ်မြေဈေးတွေ ကြောင့် ဈေးကွက် အေးနေတဲ့ အနေအထားနဲ့ ကြုံတွေ့နေရတယ်လို့ အိမ်ခြံမြေ အသိုင်းအဝိုင်း ကသိရပါတယ်။