Home  / News  / News Details

新闻详情

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းအတွက်နည်းမျိုးစုံဖြင့်ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်နေဟုဆို

May 24, 2024  /

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းအတွက်နည်းမျိုးစုံဖြင့်ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်နေဟုဆို

မေလ (၂၄)ရက် ။

Myanmar Property Dealer

 ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြတဲ့ Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်အထူးစီးပွားရေးဇုန်၃ခုကိုအကောင်အထည်ဖော်နေပြီး အောင်မြင်ပြီး သီလဝါစီးပွားရေး ဇုန်နှင့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အလားတူထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားကြတဲ့ Developer များကို နည်းမျိုးစုံဖြင့်ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေးသက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုတယ်လို့ လည်းသိရပါတယ်။

 ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးအဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ရန် ရုရှားနှင့်နစကတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုများစတင်နေပြီဖြစ် တယ်လို့လည်း ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရပါတယ်။

 လက်ရှိ ဆွေးနွေးမှုက ကနဦးအဆင့်သာ ရှိသေးပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခြင်းလည်းဖြစ်ပါတယ်။

 ထားဝယ် SEZ ကို ကနဦးနှင့် ပင်မစီမံကိန်းဟုဆိုပြီး (၂)ပိုင်းခွဲထားကာ ကနဦးအဆင့် (၂၇) စတုရန်းမိုင်အတွင်း မူလခန့်မှန်းချက်ဖြစ်သည့် ကန်ဒေါ်လာ (၁)ဘီလီယံတန် စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လျာထားတာလည်းဖြစ်ပါတယ်။


အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့်ရာ လက်ရှိတွင် ၅ လခန့်ရှိပြီဖြစ်ပြီး ကျန်ရှိနေတဲ့ကာလအတွင်း မိမိတို့အပိုင်းမှ ပြီးပြတ်ရမည့်ကိစ္စ၊ နောက်ပိုင်းမှလုပ်ဆောင်ပေးရမယ့်ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြမှာဖြစ်တယ်လို့ လည်းတာဝန်ရှိသူများ၏ပြောဆိုချက်များအရသိရပါတယ်။

(သဲသဲ)