Home  / News  / News Details

新闻详情

၂၀၂၁ ခုနှစ်နောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍ၌ မြန်မာ့နိုင်ငံသားများ၏ ပိုင်ဆိုင်မှု ဘတ် ၁၀ ဘီလီယံထက်မနည်း ရှိလာ

Aug 10, 2024  /


၂၀၂၁ ခုနှစ်နောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍ၌ မြန်မာ့နိုင်ငံသားများ၏ ပိုင်ဆိုင်မှု ဘတ် ၁၀ ဘီလီယံထက်မနည်း ရှိလာ

ဩဂုတ် (၁၀) ရက်။

Myanmar Property Dealer


မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ် တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၃ နှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်မှုဘတ် ၁၀ ဘီလီယံထက်မနည်း ရှိလာနေတယ်လို့ ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာဌာန REIC က ဖော်ပြထားရှိပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံထဲမှ မြန်မာနိုင်ငံသားများ အိမ်ခြံမြေဝယ်ယူပိုင်ဆိုင်မှုက အဆပေါင်းများစွာ ခုန်တက်လာခဲ့ပြီးအစောပိုင်းကာလများအတွင်း ကွန်ဒိုအခန်းများဝယ်ယူမှု မြင့်တက်ခဲ့တာလို့လည်းသိရပါတယ်။

ထိုင်းသတင်းဌာနနှင့် REIC တို့၏ ဖော်ပြချက်များအရ ၂၀၂၁ ခုနှစ်အတွင်း အိမ်ခန်းပေါင်း(၃၀)သာ ဝယ်ယူမှုရှိခဲ့ပြီး အဆင့်(၂၅)တွင်သာ မြန်မာမှ ရပ်တည်နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၌ အခန်းပေါင်း(၃၄၉)ခန်းအထိ ဝယ်ယူခဲ့ကြကာ အဆင့်(၆) နေရာသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် အခန်းပေါင်း (၅၆၄)ခန်းဖြင့် အဆင့်(၄)နေရာသို့ လည်းကောင်း၊ ၂၀၂၄ ခုနှစ်၏ ပထမ လေးလအတွင်း၌ အခန်းပေါင်း (၃၉၂)ခန်းဖြင့် အဆင့်(၂)နေရာသို့ လည်းကောင်း ဝယ်လိုအားများရှိနေခဲ့ကြောင်း သိရပါတယ်။

အဆိုပါစာရင်းများအရ သုံးနှစ်ကျော်အတွင်း အခန်းပေါင်း (၁၃၃၅)ခန်းအထိ ဝယ်ယူထားပြီး၊ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း အခန်းပေါင်း(၃၉၂)ခန်းအတွက် ဘတ်(၂ ဒသမ ၂) ဘီလျံကျော် ဝယ်ယူမှုရှိတာကြောင့် အခန်းတစ်ခန်းလျှင် ပျမ်းမျှ ဘတ်ငါးသန်းခွဲကျော်ရှိနေပြီး အခန်း ပေါင်း(၁၃၃၅) ခန်းအတွက် ဘတ်(၇)ဘီလျံခွဲထက် မနည်းရှိနေတယ်လို့လည်း ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာတို့၏ အိမ်ခြံမြေဝယ်ယူမှုက ကျန်းမာရေးခေါင်းစဉ်၊ ပညာရေးခေါင်းစဉ်၊ နိုင်ငံရေးခေါင်းစဉ်နှင့် ထိုင်းနိုင်ငံတွင်သာ အခြေတကျနေထိုင် သွားရန် အစရှိတဲ့ခေါင်းစဉ်အမျိုးမျိုးဖြင့်ဝယ်ယူထားခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ (သဲမိုး)