Home  / News  / News Details

新闻详情

ထိုင်းကွန်ဒိုများကို ပြည်တွင်း၌ တရားမဝင်ရောင်းချပြီး တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ထိုင်းနိုင်ငံသို့ ငွေလွဲပြောင်းသူ ၂ ဦးနှင့် ငွေလွှဲပြောင်း ဝယ်ယူသူ ၃ ဦး ကိုအရေးယူထား

Jun 4, 2024  /

ထိုင်းကွန်ဒိုများကို ပြည်တွင်း၌ တရားမဝင်ရောင်းချပြီး တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ထိုင်းနိုင်ငံသို့ ငွေလွဲပြောင်းသူ ၂ ဦးနှင့် ငွေလွှဲပြောင်း ဝယ်ယူသူ ၃ ဦး ကိုအရေးယူထား

 

ဇွန်လ (၄)ရက်။

Myanmar Property Dealer

 ထိုင်းနိုင်ငံမှ ကွန်ဒိုများကို မြန်မာနိုင်ငံတွင် တရားမဝင်ရောင်းချပြီး တရားမဝင် ဟွန်ဒီလုပ်ငန်းများမှ ထိုင်းနိုင်ငံသို့ ငွေလွှဲပြောင်းသူ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦးနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေလွှဲပြောင်း ဝယ်ယူသူ ၃ ဦးတို့အား အရေးယူဆောင်ရွက်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားရှိပါတယ်။

ပြည်ပနိုင်ငံများရှိကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံးရောင်းချခြင်းများ၊ ‌ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ၅၁ လမ်းအထက်၊ အမှတ် (၁၅၅/၁၅၇) ၈ လွှာမှာ ရုံးခန်းဖွင့်လှစ်ထားရှိတဲ့ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့ နှစ်ဦးက ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းမှာ တရားမဝင်‌ရောင်းချလျက်ရှိနေတာကို သိရှိရတဲ့အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်တရားခံများအား ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းမှာတရားမဝင်ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများက ပေးချေတဲ့ မြန်မာကျပ်ငွေများကို လည်း လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများ လွှဲပြောင်းပေးခဲ့တာကိုဖော်ထုတ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားရှိပါတယ်။

 

ဒါ့အပြင် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့တဲ့ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို တရားမဝင်ဝယ်ယူထားရှိတဲ့ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ ၃ ဦးကိုလည်း မြန်မာနိုင်ငံဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များတွင်တရားမဝင်ဖွင့်လှစ်ထားတဲ့ ၎င်းတို့၏ ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုးငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပါတယ်။

 ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချနေတဲ့အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ်ဖော်ထုတ် အရေးယူသွားမှာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တရားမဝင် ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့ပါရန် အသိပေး ထုတ်ပြန်ထားရှိပါတယ်။
(သဲသဲ)