Home  / News  / News Details

新闻详情

ဧရာဝတီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက ဥပဒေအရ အရေးယူမည်

Oct 6, 2026  /

ဧရာဝတီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက ဥပဒေအရ အရေးယူမည်

အောက်တိုဘာ (၆)ရက်

Myanmar Property Dealer

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ ကိုယ်ပိုင်သဘောဖြင့် နယ်နိမိတ်သတ်မှတ်ခြင်း၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက အသိပေးကြေညာထားရှိပါတယ်။

အဆိုပါအသိပေးချက်တွင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီနှင့် ဟိုင်းကြီးဒေသများအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တည်ရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနဲ့ပတ်သက်ပြီး သတိပေးထားရှိတာလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရယူလုပ်ကိုင်အသုံးပြုခြင်း၊ လျှောက်ထားခဲ့သော်လည်း ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်ဟု ဆုံးဖြတ်ကာ မြေမှထွက်ခွာဖယ်ရှားရန် ညွှန်ကြားထားရှိတဲ့အမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူအသုံးပြုခြင်းများကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်းနဲ့ ဗဟိုကော်မတီ၊ တိုင်းဒေသကြီး စီမံခန့်ခွဲရေးကော်မတီတို့ရဲ့ ခွင့်ပြုမိန့်မရရှိဘဲ အသုံးပြုခြင်းများကိုလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၇-ကပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားရှိပါတယ်။

 ဒါ့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုလိုသူများအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားခွင့်ပြုချက်ရယူပြီးမှသာ အသုံးပြုကြရန် သက်ဆိုင်ရာကော်မတီက အသိပေးထားရှိပါတယ်။