Home  / News  / News Details

新闻详情

ဘန်ကောက်မှာ Luxury Condo တွေ ဝယ်လိုအား ကောင်းနေ

Nov 6, 2025  /

ဘန်ကောက်မှာ Luxury Condo တွေ ဝယ်လိုအား ကောင်းနေ

 

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ Luxury Condo တွေ ဝယ်လိုအား ကောင်းနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

 ကမ္ဘာ့စီးပွားရေး နှေးကွေးမှုတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံရဲ့ ချမ်းသာတဲ့ အထက်တန်းလွှာတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဆီက ဝယ်လိုအား ဆက်ရှိနေတာကြောင့် ဘန်ကောက်ရဲ့ Luxury Condo (ဇိမ်ခံ ကွန်ဒို)ဈေးကွက်ဟာ ဆက်လက်ကြီးထွားနေပါတယ်လို့ အိမ်ခြံမြေ အတိုင်ပင်ခံ Colliers Thailand က ပြောပါတယ်။

Colliers Thailand ရဲ့ သုတေသနနဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Phattarachai Taweewong က "ဇိမ်ခံ ယူနစ်တွေဟာ Thong Lor–Phrom Phong–Ekkamai၊ Wireless–Lang Suan–Lumpini၊ Sathorn နဲ့ ကျောက်ဖရားမြစ် ဧရိယာတွေလို အဓိကနေရာတွေမှာ စုစည်းတည်ရှိနေပါတယ်။

 အဲဒီနေရာတွေမှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဝယ်လက်တွေဆီက ဝယ်လိုအား ဆက်ပြီးအားကောင်းနေဆဲပါ" လို့ ပြောပါတယ်။ စီမံကိန်းအသစ်တွေမှာ Aman နဲ့ Porsche Design တို့လို ကမ္ဘာ့ နာမည်ကြီး Hospitality နဲ့ ဒီဇိုင်း ကုမ္ပဏီကြီးတွေ ပိုမိုပါဝင်လာပြီး ဒါက ဘန်ကောက်ရဲ့ အထက်တန်းလွှာ ဈေးကွက်ကို ပုံစံသစ်တစ်မျိုး ဖြစ်စေပါတယ်။

 Porsche Design Tower Bangkok ဟာ မနှစ်က တစ်စတုရန်းမီတာကို ဘတ် ၁ သန်းနဲ့ စံချိန်တင်ခဲ့ပြီး penthouse တွေက တစ်ခန်းကို ဘတ် ၁ ဒသမ ၄ ဘီလီယံကျော်အထိ ဈေးရရှိခဲ့ကာ အာရှရဲ့ အမြင့်ဆုံးဈေးနှုန်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ သာမန် ကွန်ဒိုကဏ္ဍက ဝယ်လိုအား နည်းနေပေမယ့်၊ ထိပ်တန်း ကွန်ဒိုဈေးကွက်ကတော့ ထိုင်းနိုင်ငံနဲ့ ပြည်ပက ငွေပုံပေါ်ထိုင်နေတဲ့ ဝယ်လက်တွေကို ဆက်လက် ဆွဲဆောင်နေသလို လူအများအပြားက ဘန်ကောက်ကို Singapore၊ Hong Kong ၊ Dubai တို့နဲ့ နှိုင်းယှဉ်ပြီး လုံခြုံတဲ့နေရာတစ်ခုအဖြစ် ခန့်မှန်းကြပါတယ်။