Home  / News  / News Details

新闻详情

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်ပြုပေး

Mar 16, 2026  /

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်ပြုပေး


မတ်လ (၁၆)

Myanmar Property Dealer 

မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ ရုံးအမှတ် (၅) အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနဲ့ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ လက်ရှိဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ မတည်ငွေရင်း တိုးမြှင့်တာတွေပါဝင်ပြီး စက်မှုနဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခုကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် စက်မှု၊ ဟိုတယ်နဲ့ခရီးသွား၊ ဝန်ဆောင်မှု၊ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၁ ခုကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။


အဆိုပါလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနဲ့ မြန်မာကျပ် ၁၉၅၅၅၂၆ ဒသမ ၉၅၅ သန်း ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၅၀၆၄ ခု ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။


ခွင့်ပြုခဲ့တဲ့လုပ်ငန်းတွေထဲမှာ လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းတွေပါဝင်ပါတယ်။

ဒါ့အပြင်  လက်ကိုင်ဖုန်း တပ်ဆင်ထုတ်လုပ်ရောင်းချရေး၊ ဆိုလာပြား ထုတ်လုပ်ရေး၊ မွေးမြူရေးအစာထုတ်လုပ်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မယ့် အထည်ချုပ်လုပ်ငန်းတွေပါ ပါဝင်နေပါတယ်။


၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံနဲ့ဒေသပေါင်း ၅၃ ခုက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြပြီး အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ဓာတ်အားကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။