မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးရှိနေခြင်းကြောင့်အသင်းဝင်ထားသည့် အသင်းသားအချင်းချင်းတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ဆောင်ရွက်လာနိုင်သည့်အပြင်လုပ်ငန်းများလုပ်ဆောင်ရာတွင်စည်းစနစ်တကျလုပ်တက်ကိုင်တက်လာသည်ဟု ဗဟန်းမြို့နယ်အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဝင်များထံမှသိရသည်။
‘’ ဒီလို အိမ်ခြံမြေအသင်းကြီးပေါ်လာရတဲ့အတွက်စည်းကမ်းရှိလာတာပေါ့နော်။အဖွဲ့အစည်း ၊အုပ်စုတစ်ခုလိုဖြစ်သွားတဲ့အတွက် အားလုံးကဝိုင်းဝန်းပြီးလုပ်ကြတယ်။စည်းကမ်းတွေရှိလာတယ်။ အရင်တုန်းကလို ကိုယ်ရကိုယ်ယူ တစ်ယောက်တစ်ပေါက်ဆိုတာမျိုးမရှိတော့ပဲ ရင်းရင်းနှီးနှီးမျှဝေလာကြတယ်။ဒီတော့အိမ်ခြံမြေအသင်းကြီးကတဖြေးဖြေးတိုးတက်လာတာပေါ့။’’ဟု ဗဟန်းမြို့နယ်အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဝင်တစ်ဦးဖြစ်သည့် ဒေါ်လွင်လွင်သန်းကဆိုသည်။
ယင်းအပြင်အိမ်ခြံမြေအရောင်းအဝယ်ဆိုသည်မှာဈေးတသမတ်ထဲမရှိပဲကြိုက်ရောင်းကြိုက်ဝယ်ပဲဖြစ်ပြီး ရောင်းသူဝယ်သူနှစ်ဦးဖက်အဆင်ပြေဖို့အကျိုးဆောင်များလိုအပ်သည်ဟုလည်းသူမကဆိုသည်။
သုံးနှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ သင်းလုံးကျွတ်အစည်းအဝေးကြီးကို ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်နေ့တွင် နေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟိုတယ်ခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။