Home  / News  / News Details

新闻详情

မှော်ဘီရှိ မြေ ၅၀.၁၄ ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ် ကျူးကျော်အိမ်ထောင်စုများ ပြန်လည်နေရာချထားရန် မြေကွက်များ ဖော်ထုတ်မည်

Oct 2, 2026  /

မှော်ဘီရှိ မြေ ၅၀.၁၄ ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ် ကျူးကျော်အိမ်ထောင်စုများ ပြန်လည်နေရာချထားရန် မြေကွက်များ ဖော်ထုတ်မည်

အောင်တိုဘာ  (၃)ရက်

Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ) အသုံးပြုရန်အတွက် ယခင်က လွှဲပြောင်းပေးထားတဲ့ မြေဧရိယာများအနက် ၅၀.၁၄ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ (၆၈၃/၂၀၂၆) အရ သိရပါတယ်။

 အဆိုပါ မြေဧရိယာသည် မှော်ဘီမြို့နယ်အတွင်းရှိ မြောင်းတကာ၊ ဝါးပတော၊ ကုလားကုန်း၊ အင်ကြင်းကုန်းနှင့် လှည်းငုတ်ချောင်း ကျေးရွာအုပ်စုများတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ) အသုံးပြုရန်အတွက် မြေသိမ်း၊ မြေလွှဲပြုလုပ်ထားတဲ့ ဧရိယာများထဲမှ ပြန်လည်စွန့်လွှတ်ထားတဲ့ မြေဖြစ်တယ်လို့လည်းသိရပါတယ်။

 အမိန့်ကြော်ငြာစာအရ ပြန်လည်စွန့်လွှတ်တဲ့မြေဧရိယာထဲတွင် မြေသိမ်းဧရိယာ ၁၉.၃၅ ဧကနှင့် မြေလွှဲဧရိယာ ၃၀.၇၉ ဧက၊ စုစုပေါင်း ၅၀.၁၄ ဧက ပါဝင်ပြီး ယင်းမြေဧရိယာကို ကျူးကျော်အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ၄၀ ပေ × ၆၀ ပေ အရွယ်အစားရှိ မြေကွက်များ ဖော်ထုတ်ပြီး စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေးအတွက် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါမြေများ ပြန်လည်စွန့်လွှတ်ရေးကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားရှိတာဖြစ်ပါတယ်။

 

ကျန်ရှိတဲ့ မြေဧရိယာ ၁,၉၇၉.၆၀ ဧကကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်အသုံးပြုခြင်းမရှိတော့တဲ့နေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမှာ ဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာတွင် ထည့်သွင်းဖော်ပြထားရှိပါတယ်။