အောင်လံမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခုလကုန်တွင် အပြီး
တည်ဆောက်မည်
စက်တင်ဘာ (6)ရက်။
Myanmar Property Dealer
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် တည်ဆောက်နေတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း
အပိုင်း(၁) ကို ယခုလကုန်တွင် အပြီးတည်ဆောက်မှာဖြစ်တယ်လို့
အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။
အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းအား အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တည်ဆောက်နေခြင်းဖြစ်ပါတယ်။
ယာဉ်ရပ်နားစခန်းအတွင်း Express အဝေးပြေးကားကြီးဂိတ် ၁၆ ခန်း၊ ကားလေးဂိတ် ၁၀ ခန်း၊ ကုန်တင်ကားဂိတ် ၅ ခန်း၊ ဈေးဆိုင်ခန်း ၅၆ ခန်း၊ စားသောက်ဆိုင်ခန်း ၁၈ ခန်းနှင့် ပွဲရုံနေရာ ၂၁ ခန်း၊ စုစုပေါင်း ၁၂၆ ခန်း ပါဝင်မှာဖြစ်ပြီး ကနဦးအနေဖြင့် စီမံကိန်းအပိုင်း ၁ တွင် စုစုပေါင်းအခန်း ၃၆ ခန်းကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။
အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း (၁) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြေဧရိယာ ၁၀.၀၄ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကျပ် ၁.၇ ဘီလီယံကုန်ကျကြောင်း လည်းသိရပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ စီမံကိန်းအပိုင်း (၂ )နှင့် အပိုင်း (၃) တို့ကိုလည်း လာမယ့် သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မျှော်မှန်းထားတယ်လို့လည်းသိရပါတယ်။
အဆိုပါစီမံကိန်းအားအောင်လံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျှော့ချနိုင်စေရန်၊ အဝေးပြေးယာဉ်ကြီး၊ ယာဉ်များ စနစ်တကျ ဝင်ထွက်သွားလာနိုင်စေရန်၊ ကူးသန်းရောင်းဝယ်မှုနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရန်၊ ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်တယ်လို့လည်းသိရှိ
ရပါတယ်။