အိမ်ဆောက်ပစ္စည်းဈေးနှုန်းများအဆမတန်မြင့်တက်နေခြင်းကြောင့်အိမ်ခြံမြေဈေးကွက်များထိခိုက် ။
ဈေးကွက်ထဲမှာရှိသည့်အိမ်ဆောက်ပစ္စည်းများဈေးနှုန်းအဆမတန်ကြီးမြင့်နေသည့်အတွက်နောက်ဆက်တွဲအနေဖြင့်အိမ်၊ခြံ၊မြေဈေးကွက်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများထိခိုက်လာရသည်ဟု ထိပ်တန်းဆောက်လုပ်ရေး လုပ်ငန်း ရှင်ကြီး တစ်ဦးထံမှသိရသည်။
‘’ အခုချိန်မှာဆောက်လုပ်ရေးကုန်ကျစရိတ်ကအရမ်းကိုဈေးမြင့်နေတယ်။နိုင်ငံတော်ကခေါ်ယူထားတဲ့ တင်ဒါတွေကြည့်ရင်တောင် အရင်က PAE ဈေးနှုန်းတွေက နှစ်သောင်းခွဲ ၊နှစ်သောင်းကိုးထောင်ကနေ အခုဆိုရင် လေးသောင်း၊ငါးသောင်း ထိပေးလာရတယ်။ အနည်းဆုံးဈေးမတက်ဘူးဆိုရင်တောင် တည်ဆောက်စရိတ် တွေကတစ်ဆခွဲအောက်ထစ်တက်နေတယ်။ ဥပမာ - ဆိုပါစို့ သိန်း ၃၀၀ ကျော်အခန်းက အခုချိန်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်း ၄၅၀ ဖြစ်သွားတယ်။’’ဟု ထိပ်တန်းဆောက်လုပ်ရေး လုပ်ငန်း ရှင်ကြီး တစ်ဦးကပြောသည်။
ယင်းအပြင် ငွေကြေးစီးဆင်းလွယ်ကူမှုခက်ခဲခြင်း၊ ဘဏ်ဖြင့်ပေးဆောင်ခြင်း၊ငွေသားဖြင့်ပေးဆောင်ခြင်း စသည့်အခက်အခဲများကြောင့် ဆောက်လုပ်ရေးကုန်ပစ္စည်းများဝယ်ယူရာတွင် ဈေးနှစ်မျိုးဖြစ်နေသည့်အတွက် အဆိုပါဈေးများ ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်ပြည်သူများမှတိုက်ရိုက်ပေး ချေနေရသည့် သဘောဖြစ်နေသည်ဟုလည်းသိရသည်။
လက်ရှိတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ စုစုပေါင်း၏ သုံးပုံ/ နှစ်ပုံခန့် ရပ်နားထားရခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သား ၈သိန်းဝန်းကျင် အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်နေရကြောင်းလည်းစာရင်းဇယားများအရသိရသည်။