ဆင်ခြေဖုံးရပ်ကွက် ချောင်ထဲမှ ကန်ထရိုက်တိုက်ခန်းများအရောင်းအဝယ်ဖြစ်နေ
စက်တင်ဘာ( ၅ )ရက်။
Myanmar
Property Dealer
ချောင်ကျနေခြင်းကြောင့်လူကြိုက်နည်းကာ ရောင်းမထွက်ကြတဲ့ ဆင်ခြေဖုံးရပ်ကွက်ချောင်ချို ချောင်ကြားနေရာများတွင် တည်ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ခန်းများမှာ ယခုရက်ပိုင်းအတွင်း ဝယ်သူအချို့ ကြောင့် အရောင်းအဝယ် ဖြစ်လာခဲ့တယ်လို့ ရန်ကုန်မြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများကြားမှ သိရပါတယ်။
ယခင်က ရောင်းမထွက်ခဲ့တဲ့ အခြေအနေမျိုးမှ ယခုအခါဝယ်သူများက ဆင်းကာဝယ်လာကြခြင်းဖြစ်ပြီး ကျပ်သိန်း ၅၀၀ ပတ်ချာလည်ဖြင့် အရောင်းအဝယ်တည့်သွားခြင်းများရှိလာခဲ့တာဖြစ်ပါတယ်။
“ရောင်းနေတာနှစ်နဲ့ချီနေပြီ၊ ဘယ်လိုမှရောင်းမထွက်သေးတဲ့အခန်းတွေ အခုနောက်ပိုင်းအရောင်းအဝယ်တည့်သွားတော့ တော်တော်လေးအံ့ဩနေတာ၊ ဝယ်လက်က နယ်ကနေလာတက်ဝယ်သွားတာ”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ရှင်းပြပါတယ်။ တိုက်ခန်းစျေးကွက်တွင်လည်း အချက်အချာကျသောနေရာများမှ အခန်းများမှာ အထပ်အနိမ့်အမြင့်၊ အကျယ်အဝန်း၊ ရပ်ကွက်နေရာဒေသများအပေါ်မူတည်ပြီးကျပ်သိန်း ၈၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ စျေးခေါ်လာခြင်းများရှိပြီး ဆင်ခြေဖုံး ရပ်ကွက်များအတွင်း ကန်ထရိုက်တိုက်အချို့မှာ စျေးပိုရစေရန်ပြင်ဆင်ပြီး မီနီကွန်ဒိုများ အဖြစ်လည်း ရောင်းချခြင်းများရှိကြောင်း၊ လက်ထဲမှငွေကိုတန်ဖိုးကျဆင်းမှုမကြုံစေရန် ငွေလက်လှမ်းမီသလောက် လိုက်ရှာဝယ်ကြပြီး ငွေပမာဏလက်လှမ်းမမီသူများက အဆိုပါချောင်ချိုချောင်ကြားမှတိုက်ခန်းများကို ဝယ်ယူလာခြင်းလည်းဖြစ်တယ်လို့လည်းသိရပါတယ်။
“စျေးတွေကတော့သိတဲ့အတိုင်း တက်ပြီးရင်းတက်နေတာ၊ မြေစျေးရော အချက်အချာကျတဲ့ နေရာ တွေ က တိုက်ခန်းတွေရော စျေးတက်နေတော့ ငွေမမီတာနဲ့ပဲ တစ်ချို့က လက်ထဲမှာငွေသားကိုင်ထားတာထက် ရနိုင်မယ့်အခန်းမျိုးတွေရှာဝယ်ရင်း အရောင်းအဝယ်ဖြစ်တာမျိုးပါ၊ အခုလည်း သိန်း ၅၀၀ အောက်အခန်းတွေ လိုက်ရှာ နေသူတွေလည်းရှိနေသေးတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ မတ်လကုန်ပိုင်းက ငလျင်ကြီးလှုပ်ခတ်မှုအပြီး ရန်ကုန်မြို့မှ တိုက်ခန်းစျေးကွက်တွင် အ ရောင်းအဝယ်အေးစက်သွားခဲ့သော်လည်း ဧပြီလကုန် မေလဆန်းလောက်မှစတင်ပြီး အရောင်းအဝယ်ပြန်ဖြစ်လာခဲ့သလို လက်ရှိအချိန်တွင် တိုက်ခန်းစျေးကွက်အတွင်း မြင့်မားသောစျေးနှုန်းများဖြင့် စျေးခေါ်နေမှုများလည်းရှိ လာခဲ့ကြောင်း သိရပါတယ်။