အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ
မည်သည့်အချိန်တွင်
ပြဌာန်းမည်ကို
အမျိုးသားလွှတ်တော်တွင်
မေးမြန်း
ဇူလိုင်
(၂၉)ရက်။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို
မည်သည့်အချိန်တွင် ပြဌာန်းထုတ်ပြန်ပေးနိုင်မည်နည်းဆိုတဲ့
မေးခွန်းနှင့်
ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ် (၁၀) ဦးကျော်ကျော်လတ်က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပခဲ့တဲ့
တတိယအကြိမ်
အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ‘’ ကြယ်ပွင့်မပြမေးခွန်းအဖြစ်’’ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့်
မေးမြန်းခဲ့တယ်လို့သိရပါတယ်။
အဆိုပါ
ဥပဒေရေးဆွဲခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ကျော်လတ်က "ဒီအိမ်ခြံမြေဝန်ဆောင်မှုဥပဒေ
(မူကြမ်း) ကို ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရုံးကနေ
စတင်ရေးဆွဲခဲ့တာဖြစ်ပြီး
၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ပြည်သူတွေ
လေ့လာအကြံပြုနိုင်ဖို့
သတင်းစာတွေကနေ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ကစလို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
အဆိုပါဥပဒေမူကြမ်းကို
ပြန်လည်ပြင်ဆင်ရေးဆွဲနေတယ်လို့
သိရပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ (၈) နှစ်ခန့် ကြာမြင့်လာခဲ့ပြီဖြစ်ပေမဲ့
ယနေ့ထက်ထိ အဆိုပါဥပဒေကို ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပါဘူး" ဟု ဆိုပါတယ်။
ဒါ့အပြင်
အဆိုပါဥပဒေကို အမြန်ဆုံးပြဌာန်းရန် လိုအပ်နေတဲ့အကြောင်းအရင်းများနှင့်
ပတ်သက်ပြီးလည်း ဦးကျော်ကျော်လတ်က "အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) အရ အိမ်ခြံမြေအကျိုးဆောင်ဥပဒေ (အသစ်) ပြဌာန်းဖို့ အစီအစဉ်မှာ ပါဝင်နေသလို၊ ၂၀၂၆ ခုနှစ် မတ်လမှာ ပြဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဟာ
ငွေကြေးအဖွဲ့အစည်းမဟုတ်သော
အခြားစီးပွားရေးလုပ်ငန်းများနှင့်
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
(DNFBPs) မှာ ပါဝင်နေတဲ့အတွက် သီးခြားဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ အထူးလိုအပ်နေပြီဖြစ်ပါတယ်"
ဟု ထောက်ပြထားပါတယ်။
ဆက်လက်ပြီး
အိမ်ခြံမြေကဏ္ဍရဲ့ အရေးပါမှုနှင့် ပတ်သက်ပြီး "အိမ်ခြံမြေကဏ္ဍကနေ ရသင့်ရထိုက်တဲ့ အခွန်အခတွေကို စနစ်တကျ ရရှိဖို့၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ
ပိုမိုတိုးတက်လာစေဖို့အပြင်
လက်ရှိမှာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှာ
ပါဝင်လုပ်ကိုင်နေသူ ၁၅၀,၀၀၀ နဲ့ ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းတွေကို စနစ်တကျ ရှိစေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာစေဖို့အတွက်
အခုလို အရေးပါတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို
မည်သည့်အချိန်မှာ ပြဌာန်းပေးနိုင်မလဲဆိုတာကို
လွှတ်တော်မှာ မေးမြန်းရခြင်းဖြစ်ပါတယ်"
ဟု ပြောပြခဲ့ပါတယ်။